ကချင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် နှစ်ရက်ဆက်မိုးကြီးမှုကြောင့် ချီဖွေဒေသတွင် လူ၊ နေအိမ်၊ တံတားများ မျောပါပျောက်ဆုံး

ကချင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် နှစ်ရက်ဆက်မိုးကြီးမှုကြောင့် ချီဖွေဒေသတွင် လူ၊ နေအိမ်၊ တံတားများ မျောပါပျောက်ဆုံး
Published 29 May 2024

ကချင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် မေ ၂၈ နှင့် ၂၉ ရက်များတွင် လူ၊ နေအိမ်နှင့် တံတားများ မျောပါခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

“ကျနော့ဆီ သတင်းရောက်တာက ဖီမော်တံတားမျောတယ်။ ရိုးရာယဉ်ကျေးမှုကွင်း မြေပြိုပြီးပါသွားတယ်။ လန်ဆယ်တံတားမျောတယ်။ လူနေအိမ် ငါးအိမ်ပါတယ်။ မျောမောပါကျေးရွာက နေအိမ်၊ တံတားတွေပါသွားတယ်။ အသက် ၅၀ အရွယ် အမျိူးသမီး တစ်ဦးပါသွားတယ်။ မနက် ၂ နာရီလောက် ရေတတက်လာတယ်လို့ သိရတယ်။ သတင်းပဲရသေးတယ်။ သွားဖို့မလွယ်ဘူး” ဟု ချီဖွေဒေသခံက ဆိုသည်။

လက်ရှိတွင် ရွားများမှာ ဘေးလွတ်ရာတွင် ခိုလှုံနေကြရပြီး နေအိမ်မျှောပါသူများမှာ အကူအညီများ လိုအပ်နေကြောင်း၊မိုးလည်း ဆက်လက်ရွာသွန်းနေကြောင်း  သိရသည်။

ယင်အပြင် နိုဇွန်ဘော်ကျေးရွာရှိ တံတားမှာလည်း ပြိုကျပျက်စီးသွားခဲ့ပြီး၊ လမ်းပိုင်းအများစုမှာလည်း တောင်ကျချောင်းရေ ကျဆင်းမှုများကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိတွင် တောင်ကျရေ ဘေးသင့်သူများမှာ ငေါ့ချမ်းခနှင့် ငေါ့ချမ်းခ မြစ်လက်တက် ဒေသများတွင် ဖြစ်ကြောင်း ချီဖွေဒေသခံက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒဌာနက ရီမယ်မုန်တိုင်းအရှိန်ကြောင့် ကချင်ပြည်နယ်အထက်ပိုင်းဒေသများတွင် မိုးကြီးကာ မေခ၊ မလိခ၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် ချင်းတွင်းမြစ်ရိုးတစ်လျောက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင် နေထိုင်ကြသော တောင်သူများနှင့် မိဘပြည်သူများအားလုံး သတိရှိကြရန် ထုတ်ပြန်ထားသည်။