လိုတိုရှင်းစီးပွားရေးသုတ (၈၁ - ၈၅)

လိုတိုရှင်းစီးပွားရေးသုတ (၈၁ - ၈၅)
Published 19 May 2024
စောနိုင်(အသုံးချ ဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၈၁)

ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်ချက်စံနှုန်း (credit ratings)

            ကြွေးမြီ ပြန်ဆပ်နိုင်မှုသတ်မှတ်ချက် စံနှုန်းဆိုသည်မှာ ငွေချေးစာချုပ် (ဘွန်း) များ ထုတ်ဝေထားသောအစိုးရများနှင့် စီးပွားရေးလုပ်ငန်းများ၏ ၎င်းတို့ ကြွေးမြီများကို ပြန်လည်ပေးဆပ်မှုအခြေအနေများအပေါ် သတ်မှတ်ထားသည့်အဆင့်အတန်းဖြစ်သည်။ ထိုသို့သတ်မှတ်ပေးရာတွင် ဘဏ္ဍာရေးအခြေအနေအလွန်စိတ်ချရပြီး တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ကိုင်နိုင်သောကုမ္ပဏီများကို အဆင့်သတ်မှတ်ထားသည့် အေသုံးလုံး (AAA) အဆင့်မှ ကြွေးဆပ်ရန်ပျက်ကွက်သော ကုမ္ပဏီများကို သတ်မှတ်ထားသည့် ဒီ (D) အဆင့်အထိရှိသည်။

          ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်း၏ ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်စံနှုန်းပေါ်မူတည်၍ ဆုံးဖြတ်ချက်ပြုလုပ်ကြသည်။ အကယ်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သည် ၎င်း၏လုပ်ငန်းတွင် လူအများကို လာရောက်ရင်း နှီးမြှုပ်နှံစေလိုပါက ကြွေးမြီပြန်ဆပ်နိုင်မှုအဆင့်အတန်း မြင့်မားစေရန်အားထုတ်အားထုတ်ရမည်။ ကြွေးမြီပြန်ဆပ်နိုင်မှု အဆင့်အတန်းမြင့်မားသည့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများသည် ၎င်းတို့ချေးယူသည့် ကြွေးမြီများပေါ်တွင် နည်းပါးသောအတိုးငွေကိုသာပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ချေးယူထားသည့် ကြွေးမြီများကို ပြန်ပေးလိမ့်မည်ဟု အများ၏ယုံကြည်မှုကိုရရှိပြီးဖြစ်သောကြောင့် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။

            ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်ချက်စံနှုန်းကို Moody’s သို့မဟုတ် Standard and Poor’s ကဲ့သို့ နိုင်ငံတကာဘဏ္ဍာရေးလောကရှိ ထင်ရှားသောအဖွဲ့များကပြုလုပ်ကြသည်။ ထိုအဖွဲ့များသည် သက်ဆိုင်ရာကုမ္ပဏီများ၏ အစဉ်အလာသမိုင်းကြောင်း၊ ဘဏ္ဍာရေးအခြေအနေများနှင့် စာရင်းအင်းအချက်အလက်များလေ့လာသုံးသပ်ခြင်း၊ အမှုဆောင်အရာရှိများကို တွေ့ဆုံမေးမြန်းလျက် ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်ချက်အဆင့်ကို ပြုလုပ်ကြသည်။ ထိုအဖွဲ့များသည် မှားယွင်း စွာ အဆင့်သတ်မှတ်မှုများရှိနိုင်သည်ကိုလည်း သတိပြုရန်လိုပေသည်။ ၂၀၀၇-၂၀၀၉ အတွင်း ဖြစ်ပွားခဲ့သော ဘဏ္ဍာရေးအကျပ်အတည်းတွင် ဆုံးရှုံးနိုင်ခြေများသော ပေါင်နှံပစ္စည်း နောက်ခံထားသည့် အာမခံငွေချေးစာချုပ်များနှင့်ပတ်သက်သည့်ကုမ္ပဏီများကို ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်ချက် အေသုံးလုံး (AAA) အဆင့်  သတ်မှတ်ပေးခဲ့ကြသည်။ ထိုသို့သတ်မှတ်ပေးမှုသည် အကျပ်အတည်းအခြေအနေ ပိုမိုဆိုးရွားစေရန်ပံ့ပိုးပေးသကဲ့သို့ဖြစ်ခဲ့ရသည်ဟု ဝေဖန်သူများရှိသည်။ ကြွေးမြီ ပြန်ဆပ်နိုင်မှု သတ်မှတ်ချက်စံနှုန်းကို ခရက်ဒစ်ရိတ်တင်းဟု အင်္ဂလိပ်အသံထွက်အတိုင်း ခေါ်ဝေါ်လေ့ရှိကြသည်။  

ဝေါဟာရများ

ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်ချက်စံနှုန်း=credit ratings

ကြွေဆပ်နိုင်မှုပျက်ကွက်ခြင်း=defaulting

ကြွေးမြီပြန်ဆပ်နိုင်မှု သတ်မှတ်ချက်အဆင့် ပြုလုပ်ပေးသည့် အဖွဲ့များ=rating  agencies

ကုမ္ပဏီအချက်အလက်များ=company data

ဆုံးရှုံးနိုင်ခြေများသော ပေါင်နှံပစ္စည်းနောက်ခံထားသည့် အာမခံငွေချေးစာချုပ်များ=risky mortagage-backed securities   

လိုတိုရှင်း စီးပွားရေးသုတ (၈၂)

ရှယ်ယာပိုင်ရှင်တန်ဖိုး (shareholder value)

          ရှယ်ယာပိုင်ရှင်တန်ဖိုးဆိုသည်မှာ ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာပိုင်ရှင်တစ်ဦး ရရှိသောတန်ဖိုးကိုဆိုလိုသည်။ တစ်နည်းအားဖြင့်  စတော့ရှယ်ယာတစ်ခုအပေါ်တွင်ရရှိမည့် အမြတ်ဝေစုဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန်ဆိုရလျှင် ၁၉၈၀ ပြည့်နှစ်များတွင် ပေါ်ပေါက်လာသည့် စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု သို့မဟုတ် ကော်ပိုရိတ် စီမံခန့်ခွဲမှုဆိုင်ရာအတွေးအခေါ်၊ ဒဿနကို ကိုယ်စားပြုနေသည်။

          ရှယ်ယာပိုင်ရှင်တန်ဖိုးသဘောအရ ကုမ္ပဏီတစ်ခုသည် မြင့်မားသောရှယ်ယာတန်ဖိုးများ ရှိနေပြီး ရှယ်ယာပိုင်ရှင်များကို ကြီးမားသောအမြတ်ဝေစုခွဲဝေပေးနိုင်ပါက ထိုကုမ္ပဏီသည် အောင်မြင်သောကုမ္ပဏီ သို့မဟုတ် အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ကုမ္ပဏီတစ်ခုအနေဖြင့် ရှယ်ယာရှင်များအပေါ်၊ ချီးမြင့်ပေးမှုများလုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ခြင်းဆိုသည်မှာ ကုမ္ပဏီတစ်ခုအနေဖြင့် ရရှိသည့်အမြတ်ငွေများကို ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ အလုပ်သမားများ ထပ်မံငှားရမ်းခြင်းတို့တွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ ရှယ်ယာရှင်များကိုသာ အမြတ်ဝေစုများခွဲဝေပေးခြင်းဖြစ်သည်ဟု ဆိုကြသည်။

          ကုမ္ပဏီများသည် ရှယ်ယာပိုင်ရှင်တန်ဖိုးသဘောတရားကို လိုက်နာလက်ခံခြင်းဖြင့် ၎င်းတို့၏အမြတ်အစွန်းရရှိမှု မဟာဗျူဟာကို ပြန်လည်ထိန်းသိမ်းခြင်း၊ ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းအခြေအနေမှ လုပ်ငန်းအရွယ်အစားလျှော့ချ၍ ခွဲဝေပေးခြင်းအခြေအနေများသို့ ပြောင်းလဲတတ်ကြသည်။ ရှယ်ယာပိုင်ရှင်တန်ဖိုးသဘောတရားနှင့် ပတ်သက်၍ အဆိုးမြင်သူများက ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီရှိ အလုပ်သမားများကို အကျိုးအမြတ်အနည်းငယ်သာပေးလျက် ရှယ်ယာပိုင်ရှင်များကို အကျိုးအမြတ်ပိုမိုပေးခြင်းဖြင့် အများကို နစ်နာမှုပြုစေပြီးမှ လူအနည်းငယ်ကို ကြွယ်ဝစေရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်ကြသည်။ ထို့ပြင် ကုမ္ပဏီရှိ အမှုဆောင်အရာရှိများကို လစာငွေများသာမဟုတ်ဘဲ စတော့ရှယ်ယာများ ခွဲဝေပေးသည်ကိုလည်း ဝေဖန်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ရှယ်ယာပိုင်ရှင်များ၏တန်ဖိုးများမှ အကျိုးအမြတ်များ လျော့ပါးသွားနိုင်သည်ဟုလည်း ယူဆနေကြသည်။  

 

ဝေါဟာရများ

ရှယ်ယာပိုင်ရှင်တန်ဖိုး=shareholder value

ကော်ပိုရိတ် စီမံခန့်ခွဲမှုဆိုင်=corporate governance

လုပ်ငန်းအရွယ်အစားလျှော့ချသည်=downsize  

အမြတ်အစွန်းရရှိမှု မဟာဗျူဟာ=profit strategy

လစာများ=salaries

 

လိုတိုရှင်း စီးပွားရေးသုတ (၈၃)

Stock Options (စတော့ရွေးချယ်ခွင့်များ)

       စတော့ရွေးချယ်ခွင့်ဆိုသည်မှာ ကုမ္ပဏီတစ်ခုက ကုမ္ပဏီအလုပ်သမားများအား ကုမ္ပဏီ၏ စတော့ရှယ်ယာ အစုတစ်စုကို သတ်မှတ်ထားနှုန်းဖြင့် သတ်မှတ်ထားသောအချိန်တွင် ဝယ်ယူခွင့်ပြုခြင်းဖြစ်သည်။ အလုပ်သမားများကို စတော့များ ဝယ်ယူရန်ခွင့်မပြုသေးချိန်၊ စတော့ရွေးချယ်ခွင့်ကို ကိုင်ထားရသည့်အချိန် ကာလကို ဝယ်ယူခွင့်အပ်နှင်းချိန် (vesting time) ဟု ခေါ်သည်။

         စတော့များ စျေးနှုန်းတက်လာပါက အလုပ်သမားများ အကျိုးအမြတ်ရရှိခံစားခွင့်ရမည်ဖြစ်သောကြောင့် စတော့ရွေးချယ်ခွင့်များသည် အလုပ်သမားအတွက်  အလုပ်ပိုမိုကြိုးစားစေရန် မက်လုံးဖြစ်လာပြီး စတော့ရွေးချယ်ခွင့်များကြောင့် ကုမ္ပဏီ၏တန်ဖိုးလည်း တက်လာလိမ့်မည်ဖြစ်သည်။ သို့သော် ထိုစတော့ရွေးချယ်ခွင့်မှာ ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေမကောင်းခဲ့လျှင် တန်ဖိုးဆုံးရှုံးသွားစေနိုင်သည်။ ကြုံတွေ့ခဲ့ရသော အမေရိကန်သတင်းနှင့် နည်းပညာကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည့်ဖြစ်ရပ် ဒေါ့ကွန်းပေါက်ကွဲမှုကာလအတွင်း တွေ့ခဲ့ရသောပြဿနာမျိုးဖြစ်သည်။

          ကုမ္ပဏီအကြီးအကဲ စီအီးအိုများတွင် မကြာခဏဆိုသလို စတော့ရွေးချယ်ခွင့် အရေအတွက် ထောင်ပေါင်းများစွာရှိတတ်ပြီး ၎င်းတို့သည်  ငွေသား လက်ထဲမရောက်ခင်အချိန်တွင် စတော့စျေးနှုန်းမြင့်တက်စေရန်သဘာဝမကျသည့် နည်းများဖြင့် ပြုလုပ်ဖန်တီးလျက် မရိုးမသား လုပ်နိုင်ကြသည်။ စတော့ရွေးချယ်ခွင့်နှင့် ပတ်သက်၍ ဆင်းရဲချမ်းသာကွာဟချက်ပိုမိုကြီးမားသွားသည်ဟု ဝေဖန်သုံးသပ်သူများလည်းရှိနေသည်။ ၁၉၇၀ ပြည့်နှစ်များက စီအီးအိုများ၏ လစာမှာ လေးဆခန့်တက်နေသော်လည်း အမှန်တကယ်လုပ်ခများမှာ ကျဆင်းလျက်ရှိသည့် အတွေ့အကြုံများရှိခဲ့သည်။

 

ဝေါဟာရများ

စတော့ရွေးချယ်ခွင့်များ=Stock Options 

အချိန်ကာလကို ဝယ်ယူခွင့်အပ်နှင်းချိန်=vesting time 

ကုမ္ပဏီ၏တန်ဖိုး=company’s value

ဒေါ့ကွန်းပေါက်ကွဲမှု=dor-com bust

 

လိုတိုရှင်း စီးပွားရေးသုတ (၈၄)

စတော့ငှားရမ်းရောင်းဝယ်ခြင်း (short-selling)

          ရှော့ဆဲလင်းခေါ် စတော့ရှယ်ယာ ချေးယူရောင်းချခြင်းကို ရှယ်ယာများ ခေတ္တချေးယူ၍ ရောင်းချခြင်းဟု ယေဘုယျသဘောပေါက်နိုင်သည်။ မကြာမီအချိန် သို့မဟုတ် အနာဂတ်အချိန်တစ်ချိန်တွင် စတော့ရှယ်ယာတစ်ခု၏ စျေးနှုန်းကျဆင်းမှုဖြစ်နိုင်သည်ဟု ယုံကြည်မျှော်လင့်ချက်သည် ရှော့ဆဲလင်းခေါ် စတော့ရှယ်ယာချေးယူရောင်းချခြင်းကို ဖြစ်စေရန် တွန်းအားပေးသည်။ ထို့ကြောင့် စတော့ရှယ်ယာချေးယူရောင်းချခြင်းဆိုသည်မှာ လူတစ်ဦးသည် မိမိပိုင်ဆိုင်ခြင်းမရှိသော စတော့ရှယ်ယာတစ်စု သို့မဟုတ် အာမခံငွေကြေးစာချုပ်တစ်ခု အနာဂတ်တွင် စျေးနှုန်းများကျဆင်းမည်ဟု မျှော်လင့်လျက် လက်ရှိပေါက်ဈေးတွင် အခြားသူတစ်ဦး တစ်ယောက်ဆီမှ ချေးငှားထားသည့် စတော့ရှယ်ယာကို ရောင်းချခြင်းပင်ဖြစ်သည်။

          ရှော့တ်ဆဲလင်းပြုလုပ်သူသည် အနာဂတ်တွင် စျေးနှုန်းကျဆင်းနိုင်မည်ဟု မျှော်လင့်ထားသော စတော့ရှယ်ယာမှာ မိမိတွင်မရှိသောကြောင့် အခြားသူဆီမှချေးငှားယူကာ ကာလပေါက်စျေးဖြင့် ရောင်းချသည်။ ထို့နောက် မိမိမျှော်လင့်ထားသည့်အတိုင်း ထိုစတော့စျေးနှုန်းကျဆင်းသည့်အခါ စျေးနှုန်းအနိမ့်ဖြင့် ဝယ်ယူကာ ချေးငှားခဲ့သောစတော့ရှယ်ယာကို ပြန်လည်ပေးဆပ်ခြင်းဖြစ်သည်။ စျေးနှုန်းမကျခင်ကရောင်းချ၍ ရရှိထားသော ငွေကြေးပမာဏနှင့် စျေးနှုန်းကျဆင်းပြီး ချိန်တွင် ဝယ်ယူရသည့် ငွေကြေးပမာဏကြား ကွာဟချက်သည် ၎င်း၏ အမြတ်ဖြစ်သည်။ ဥပမာ လူတစ်ယောက်သည် ၎င်းချေးငှားယူထားသော စတော့များကိုကာလပေါက်စျေး ၁၀ ဒေါ်လာဖြင့်  ရှယ်ယာအစု ၁၀၀ ကို ရောင်းချခဲ့သဖြင့် ဒေါ်လာ ၁၀၀၀ ရရှိခဲ့သည် ဆိုပါစို့။ ၎င်းပြန်လည်ပေးဆပ်ချိန်တွင် မျှော်မှန်းထားသကဲ့သို့ စျေးကျဆင်းကာ စတော့ရှယ်ယာတစ်စုလျင် ခုနစ်ဒေါ်လာဖြင့် ရှယ်ယာ ၁၀၀ ကို ပြန်လည်ဝယ်ယူရာတွင် ဒေါ်လာ ၇၀၀ ကုန်ကျမည်။ ထိုကြောင့် ၎င်းအတွက် အမြတ်ငွေမှာ ဒေါ်လာ ၃၀၀ (ဒေါ်လာ ၁၀၀၀−ဒေါ်လာ ၇၀၀ = ဒေါ်လာ ၃၀၀) ဖြစ်သည်ဟုဆိုရမည်။

          ရှော့ဆဲလင်းကို စတော့စျေးနှုန်းများကျဆင်းနေသည့်အချိန်မှာပင် စျေးကွက်ထဲ၌ အမြတ်ရှာဖွေနိုင်သောနည်းလမ်းဟု ဆိုကြသည်။ သို့သော် ရှော့ဆဲလင်းမှာ စွန့်စားမှုများသော အပြုအမူဖြစ်သဖြင့် စတော့စျေးကွက်အတွင်း အတွေ့အကြုံများသောသူများမှသာ ပြုလုပ်သင့်သည်။ အကယ်၍ မိမိမျှော်မှန်းထားသည့် စတော့များ၏စျေးနှုန်းများ ကျဆင်းခြင်းဖြစ်မလာခဲ့ပါက မိမိချေးယူထားသော စတော့ရှယ်ယာများ ပြန်လည်ပေးဆပ်ရန်ဝယ်ယူရာ၌ မိမိရရှိထားသော ငွေပမာဏ ထက် ပိုမိုစိုက်ထုတ်၍ အသုံးပြုရမည်ဖြစ်သဖြင့် ငွေကြေးဆုံးရှုံးမှုများဖြစ်လာမည်ဖြစ်သည်။ အက်ဆက်များ စျေးနှုန်းကျဆင်းသည့်အခါ ရင်းနှီးမြှုပ်နှံသူများအမြတ်အစွန်းရရှိနိုင်သော ဆင့်ပွားငွေကြေးစာချုပ် စာတမ်းများကိုလည်း အဆိုပါဝေါဟာရကို အသုံးပြု၍ ရည်ညွှန်းပြောဆိုကြသည်။ 

ဝေါဟာရများ

စတော့ငှားရမ်းရောင်းဝယ်ခြင်း=short-selling

လက်ရှိဈေးကွက်ပေါက်ဈေး=current market price    

အမြတ်=profit   

ဘေးအန္တရာယ်များသော၊ ဆုံးရှုံးနိုင်သော=risky       

 

လိုတိုရှင်း စီးပွားရေးသုတ (၈၅)

ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank )

          အပ်နှံငွေလက်ခံခြင်းနှင့် ချေးငွေထုတ်ချေးခြင်းငွေကြေးဝန်ဆောင်မှုများပြုလုပ်သည့် ဘဏ်များနှင့် မတူဘဲ ရင်းနှီးမြှုပ်နှံမှုဘဏ်များသည်  စတော့များနှင့် ငွေကြေးဆိုင်ရာ ဆင့်ပွားစာချုပ်စာတမ်းများကဲ့သို့ ချေးငွေအာမခံစာချုပ်များကို ရောင်းခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုလုပ်ကြသည့်ဘဏ်များဖြစ်သည်။

          ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ကုမ္ပဏီများကို အကူအညီပေးနိုင်ရန် ကြားခံအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ အစိုးရများ ငွေကြေးပမာဏမြှင့်တင်ရန်လည်းကောင်း ပြုလုပ်ပေးကြသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းကို အန်ဒါရိုက်တင်း (“underwriting) ဟု ခေါ်သည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုသည် ၎င်း၏စတော့ များကိုရောင်းချရန်ဆန္ဒရှိသည့်အခါ ၎င်း၏စတော့များကို ရင်းနှီးမြှုပ်နှံမှုဘဏ်များသို့ ရောင်းချပြီး တစ်ဖန်ရင်းနှီးမြှုပ်နှံမှုဘဏ်များက ထိုစတော့များကို အများပြည်သူ တို့ပြန်လည်ရောင်းချနိုင်သည်။ အမေရိကန်နိုင်ငံရှိ ဂိုလ်ဒ်မင်းဆာ့ချ် (Goldman Sachs)၊ ဂျေပီမော်ဂန် (J.P. Morgan Chase) ကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများ   သည် ကုမ္ပဏီများ ပေါင်းစည်းလုပ်ကိုင်နိုင်ရေး၊ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုမှ ရှယ်ယာများဝယ်ယူ၍ လုပ်ငန်းကိုသိမ်းယူခြင်းကိစ္စများ၊ လုပ်ငန်းလည်ပတ်မှုမြှင့်တင်ရေးကိစ္စများတွင် အထောက်အကူ၊ အကြံဉာဏ်များလည်း ပေးကြသည်။  

          ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ဘဏ္ဍာရေးအင်စတီကျုးရှင်းများကြားတွင်လည်း  ကြားခံပွဲစားအဖြစ်လည်း ဆောင်ရွက်ပေးသည်။ ဆိုလိုသည့်သဘောမှာ ကုမ္ပဏီတစ်ခုသည် ၎င်းတို့၏ ဝင်ငွေပြန်ရချက်ကောင်းမွန်လာစေရန် ၎င်းတို့၏ အက်ဆက်များ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုဘဏ်များကိုပြုလုပ်စေခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ငွေကြေးအမြတ်အစွန်းများရရှိစေရန်အတွက် တစ်ခါတစ်ရံ၌  အလွန်ရှုပ်ထွေး၍ ဘေးအန္တရာယ်များသော ဆင့်ပွားငွေကြေးစာချုပ်များကို ဝယ်ယူရောင်းချခြင်းများကိုပြုလုပ်ကြသည်။  ၂၀၀၇-၂၀၀၉ ကာလက ကြုံတွေ့ခဲ့ ရသော ကြွေးမြီအကျပ်အတည်းသည် ရင်းနှီးမြှုပ်နှံမှုဘဏ်များက ဘေးအန္တရာယ်များသော ချေးငွေအာမခံစာချူပ်များဖြင့်  စျေးကစားခြင်း အကြီးအကျယ်ပြုလုပ်ခဲ့သောကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်သည်။

ဝေါဟာရများ

အပ်နှံငွေလက်ခံခြင်း=accepting cash deposit

ချေးငွေထုတ်ချေးခြင်း=giving loans

အကျိုးတူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ=underwriting   

ပွဲစား=broker  

ဘေးအန္တရာယ်များသော ချေးငွေအာမခံစာချုပ်များ=risky securities      

 

စောနိုင် (အသုံးချဘောဂဗေဒ)

 

 

Most Read

Most Recent