အတိတ်ကာလက အမေရိကန်နှင့် သံတမန်ဆက်ဆံရေးတွင် အမေရိကန်၏ ရန်လိုသည့် သဘောထားကိုသာ မြင်တွေ့ခဲ့ရကြောင်း မြောက်ကိုရီးယာခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ မရောက်ရှိမီ လပိုင်းအလိုတွင် ကင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင်က မြောက်ကိုရီးယားနှင့် အမေရိကန်၏ သံတမန်ဆက်ဆံရေးများတွင် မြောက်ကိုရီးယားအပေါ် ထားရှိသည့် ပြောင်းလဲခြင်းမရှိသော အမေရိကန်၏ ရန်လိုမှုကိုသာ မြင်တွေ့ရကြောင်း ကင်က ပြောသည်။
ထရန့်၏ ပထမသက်တမ်းအတွင်း ကင် နှင့် သုံးကြိမ် တွေ့ဆုံခဲ့သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်း ဖျက်သိမ်းစေရန် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများသည် သိသိသာသာ တိုးတက်မှု မရှိခဲ့ပေ။
၂၀၁၉ ခုနှစ်က ဟနွိုင်းမြို့တွင် ကင်နှင့် ထရန့်တို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုတွင် ကင်သည် လက်နက်စီမံကိန်း ကို အရှိန်မြှင့်တင်ခဲ့ပြီး အမေရိကန်၏ ဆွေးနွေးပွဲကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည်။
ကင်သည် နိုဝင်ဘာ ၂၁ ရက်က မြောက်ကိုရီးယား၏ စွမ်းအားအပြင်းဆုံး လက်နက်စနစ်အချို့ကို ထုတ်ဖော် ပြသသည့် ကာကွယ်ရေးပြပွဲတွင် မိန့်ခွန်းပြောကြားရာတွင် ထရန့်ကို အမည်တပ်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ထရန့်လက်ထက် အမေရိကန်အစိုးရအဖွဲ့နှင့် ထိပ်သီးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့် အကြောင်းကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ဆွေးနွေးညှိနှိုင်းသူတွေအဖြစ် အမေရိကန်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ပြီးပါပြီ။ သေချာတာ တစ်ခုကတော့ အင်အားကြီးနိုင်ငံဟာ အတူယှဉ်တွဲနေထိုင်ချင်တဲ့ ဆန္ဒမရှိတာကို တွေ့ရပါတယ်”ဟု KCNA က ဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားအပေါ်ထားရှိသည့် အမေရိကန်၏ သဘောထားသည် အာဏာပြမှု၊ ထိုးဖောက်ပြန့်ပွား နှောင့်ယှက်မှုနှင့် ရန်လိုသည့် မူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်း သိရှိခဲ့ရသည်ဟု ကင်က ပြောသည်။
KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပြုံယမ်းမြို့တော်၌ ပြုလုပ်သည့် ကာကွယ်ရေးပြပွဲတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များ၊ ဟိုက်ပါဆိုးနစ် ဒုံးကျည်များ၊ အတွဲလိုက်ဒုံးပစ် လောင်ချာများနှင့် ဒရုန်းများကို မြင်တွေ့ရသည်။
ထိုကာကွယ်ရေးပြပွဲသည် မြောက်ကိုရီးယား၏ အမျိုးသားကာကွယ်ရေးသိပ္ပံနှင့် နည်းပညာရှင်များ၏ မဟာဗျူဟာမြောက်နှင့် နည်းဗျူဟာမြောက် လက်နက်များနှင့်အတူ နောက်ဆုံးပေါ်ထုတ်ကုန်များကို ပြသခြင်းဖြစ်ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ပေါ် ထိခိုက်ပျက်စီးမှု အဆိုးရွားဖြစ်စေနိုင်သည့် နျူကလီးယား စစ်ပွဲအန္တရာယ်ကို ရင်ဆိုင်နေရပြီး ထိုအခြေအနေမျိုးကို ယခင်က တစ်ကြိမ်မျှ မကြုံတွေ့ခဲ့ရဖူးကြောင်း ကင်က မိန့်ခွန်းပြောကြားခဲ့ သည်။
မကြာသေးမီလများအတွင်း မြောက်ကိုရီးယားသည် ရုရှားနှင့် နီးစပ်သည့် စစ်ဘက် ဆက်ဆံရေး ထူထောင်ခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများကို ကူညီရန် ရုရှားသို့ မြောက်ကိုရီးယား စစ်သားများ စေလွှတ်နေကြောင်း စွပ်စွဲခဲ့သည်။
Ref:AFP