ဧပြီ ၃ ရက် ထိုင်ဝမ်ငလျင်၏ နောက်ဆက်တွဲငလျင် အကြိမ် ၂၀၀ ကျော် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး ကြီးကြီးမားမားမရှိခဲ့

ဧပြီ ၃ ရက် ထိုင်ဝမ်ငလျင်၏ နောက်ဆက်တွဲငလျင် အကြိမ် ၂၀၀ ကျော် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး ကြီးကြီးမားမားမရှိခဲ့
ဟွာလျန်မြို့ရှိ Full Hotel အဆောက်အအုံ ငလျင်ဒဏ်ကြောင့် ရွဲ့စောင်းသွားသည်ကို ဧပြီ ၂၃ ရက်တွင် ထိုင်ဝမ်သတင်းဌာနမှ ဖော်ပြသည့်ဓာတ်ပုံ၌ တွေ့ရစဉ်(Photo: AFP)
ဟွာလျန်မြို့ရှိ Full Hotel အဆောက်အအုံ ငလျင်ဒဏ်ကြောင့် ရွဲ့စောင်းသွားသည်ကို ဧပြီ ၂၃ ရက်တွင် ထိုင်ဝမ်သတင်းဌာနမှ ဖော်ပြသည့်ဓာတ်ပုံ၌ တွေ့ရစဉ်(Photo: AFP)
Published 23 April 2024

ဧပြီ ၂၂ ရက်နှောင်းပိုင်းနှင့် ဧပြီ ၂၃ ရက် နံနက်အစောပိုင်းက ထိုင်ဝမ်ကျွန်းအရှေ့ဘက်ရှိ ဟွာလျန်မြို့တွင် နောက်ဆက်တွဲ ငလျင်အကြိမ် ၂၀၀ ကျော် လှုပ်ခတ်ခဲ့သော်လည်း အသေးစားထိခိုက်ပျက်စီးမှုများသာ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်မရှိခဲ့ကြောင်း သိရသည်။

ကျေးလက်ဆန်ပြီး လူဦးရေကျဲသည့် ဟွာလျန်မြို့သည် ဧပြီ ၃ ရက်က ၇ ဒသမ ၂ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၁၇ ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲငလျင်လှုပ်မှု အကြိမ် ၁,၀၀၀ ကျော် ရှိခဲ့သည်။

ဧပြီ ၂၂ ရက်ညပိုင်းက မြို့တော်တိုင်ပေအပါအဝင် ထိုင်ဝမ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ နေရာအများအပြားတွင် အဆောက်အအုံများသည် ငလျင်ဒဏ်ကို တစ်ညလုံးလုံးခံစားခဲ့ရပြီး အားအပြင်းငလျင် မှာ ၆ ဒသမ ၃ မဂ္ဂနီကျုရှိကာ ယင်းငလျင်အားလုံးသည် ဇောက်တိမ်ငလျင်များဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့် မနက် ၂ နာရီလောက်မှာ တော်တော့်ကို ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့တယ်။ အောက်ကိုပြေးဆင်းဖို့ စဉ်းစားခဲ့ပေမဲ့ ကျွန်တော်က ခြောက်လွှာမှာနေတာဆိုတော့ အောက်ဆင်းဖို့ အခက်အခဲရှိတယ်”ဟု အေဒင်ဖန်းဟု အမည်ရသည့် အသက် ၄၄ နှစ်အရွယ် တိုင်ပေမြို့ခံတစ်ဦးက ပြော ကြားသည်။

ထိုင်ဝမ်မိုးလေဝသ စီမံခန့်ခွဲမှုဗဟိုဌာနက ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းမှစ၍ ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ငလျင်များသည် ဧပြီ ၃ ရက် ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များဖြစ်ကြောင်းနှင့် နောက်ဆက်တွဲငလျင် အကြိမ် ၂၀၀  ကျော် လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်၏နေရာအနှံ့အပြားတွင် မိုးသည်းထန်ဖွယ်ရှိသည့်အတွက် ဟွာလျန်မြို့ခံများအနေဖြင့် ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ထိုင်ဝမ်ငလျင် ဆိုင်အင်းဝမ်ကလည်း တောင်ပေါ်ဒေသများသို့ မသွားကြရန်နှင့် သတိရှိရှိနေထိုင်ကြရန် ပြည်သူများကို နှိုးဆော်တိုက်တွန်းထားသည်။

“ငလျင်လှုပ်လာရင် ထိတ်ထိတ်ပျာပျာ မဖြစ်ကြပါနဲ့။ ခန္ဓာကိုယ်ကိုဝပ်ပြီး အကာအကွယ်ယူပြီးတော့ တစ်နေရာတည်းမှာ နေရပါမယ်”ဟု ၎င်းက ဆိုသည်။

ဧပြီ ၃ ရက် ငလျင်ဒဏ်ကြောင့် ပျက်စီးထားသည့် လူနေထိုင်ခြင်းမရှိသော အဆောက်အအုံနှစ်လုံး ထပ်မံပျက်စီးခဲ့ပြီး ယိုင်နဲ့သွားသည်ဟု ဟွာလျန်မီးသတ်ဌာနကပြောကြားသည်။ လတ်တလောတွင် လူအသေအပျောက်ရှိသည့် သတင်းများထွက်ပေါ်ခြင်းမရှိပေ။

ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ထိုင်ဝမ်၏ TSMC ကုမ္ပဏီက ၎င်းတို့၏စက်ရုံအနည်းငယ်ရှိ ဝန်ထမ်းအချို့ကို ဘေးလွတ်ရာရွှေ့ပြောင်းထားသော်လည်း လုံခြုံရေးစနစ်များ ပုံမှန်အတိုင်းလည်ပတ်နေပြီး ဝန်ထမ်းအားလုံး ဘေးကင်းသည်ဟု ဆိုသည်။

“လတ်တလောမှာ လုပ်ငန်းလည်ပတ်မှုအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိမယ်လို့ မိမိတို့မထင်ပါဘူး”ဟု အီးမေးလ်မှတစ်ဆင့်ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် ငလျင်အန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်ခြင်းမရှိဘဲ TSMC ၏ တိုင်ပေစတော့အိတ်ချိန်း စာရင်းဝင်စတော့ရှယ်ယာစျေးနှုန်းသည် ဧပြီ ၂၃ ရက်က အတက်နှုန်း ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် စျေး ပိတ်ခဲ့သည်။ ထိုင်ဝမ်သည် ကျောက်ထုလွှာကြီးနှစ်ချပ်စုဆုံသည့်နေရာအနီးတွင်ရှိသဖြင့် မကြာခဏငလျင်လှုပ်လေ့ရှိသည်။

Ref: AP

 

         

Most Read

Most Recent