ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် ၂၀၂၅ နွေရာသီတွင် နာမည်ကျော် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူသွားရန် ပစ်မှတ်ထားနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် (၂၃) နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းသည် မန်စီးတီးအသင်းထံသို့ မပြောင်းရွှေ့မီ ၂၀၂၂ နွေရာသီတွင် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် ဂျာမနီသို့ သွားရောက်ကာ ဟာလန်းနှင့်တွေ့ဆုံခဲ့ပြီး အသင်း၏အနာဂတ်အစီအစဉ်များကိုပါ ရှင်းပြခဲ့ကြောင်း သိရသည်။
သို့သော် ဘာစီလိုနာအသင်းသည် ထိုစဉ်က ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဟာလန်းကို ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့ခဲ့ရကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
သို့သော် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာသည် ဟာလန်းအား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့ခြင်းမရှိသေးဘဲ ၂၀၂၅ နွေရာသီတွင် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဟာလန်းကိုယ်တိုင်ကလည်း လာလီဂါပြိုင်ပွဲတွင် ကစားလိုနေကြောင်း သိရှိရသည်။
ဟာလန်းသည် ၎င်း၏ကစားသမားဘဝတွင် ဥရောပထိပ်တန်းလိဂ် (၅) ခုစလုံးတွင် ကစားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် နည်းပြ ဂွါဒီယိုလာ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ရာ ဂွါဒီယိုလာ မရှိတော့ပါက ဟာလန်းလည်း အသင်းပြောင်းနိုင်သည်ဟု သုံးသပ်နေကြသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် လာမည့်နွေတွင် ရီးယဲလ်အသင်းထံသို့ရောက်ဖွယ်ရှိနေသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေနှင့်ယှဉ်ပြိုင်ရန်အတွက် ခေတ်ပြိုင်ကစားသမားဖြစ်သည့် ဟာလန်းကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်းလည်း AS က ဖော်ပြခဲ့သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ၂၀၂၅ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၅ နှစ်) ၏ နေရာတွင် အစားထိုးရန်အတွက် ဟာလန်းကို အလိုရှိနေခြင်းလည်း ဖြစ်သည်။
လာပေါ်တာအနေဖြင့်လည်း၂၀၂၆ ခုနှစ်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရန်အတွက် ဟာလန်းကို ခေါ်ယူကာ မဲဆွယ်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
ထို့ပြင် လာပေါ်တာသည် ဟာလန်း၏ အေးဂျင့်ဖြစ်သူနှင့်လည်း အလွန်ရင်းနှီးသည့်ဆက်ဆံရေးရှိကြောင်း သတင်းထွက်ပေါ်နေသည်။
၂၀၂၅ နွေရာသီတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ပစ်မှတ်ထား
Photo: Barca Universal