ပါလ်မာကို ထိပ်တန်းကစားသမားမဟုတ်ဟု ငြင်း၍မရကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို ချီးကျူး

ပါလ်မာကို ထိပ်တန်းကစားသမားမဟုတ်ဟု ငြင်း၍မရကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို ချီးကျူး
Photo: AFP
Photo: AFP
Published 6 April 2024

 

ဧပြီ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့်  ချယ်လ်ဆီးအသင်းက မန်ယူအသင်းအား အိမ်ကွင်း၌ (၄-၃) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၂ ဂိုးသွင်းယူပေးခဲ့သည့် ပါလ်မာအား ထိပ်တန်းကစားသမားမဟုတ်ဟု ငြင်းဆန်၍မရကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ချီးကျူးပြောကြားခဲ့သည်။

 ချယ်လ်ဆီး အသင်းအနေဖြင့် နာကျင်အချိန်ပို ၉၀+၉ မိနစ်အထိ (၂-၃) ဂိုးဖြင့် ရှုံးနိမ့်နေသော်လည်း ပါလ်မာက ၉၀+၁၀ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ချေပဂိုးနှင့် ၉၀+၁၁ မိနစ်တွင် အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ Opta ၏ အချက်အလက်များအရ စစ်တမ်းကောက်ယူသည့် ၂၀၀၆-၂၀၀၇ ရာသီမှစ၍ ပါလ်မာ၏သွင်းဂိုး (၁၀၀ မိနစ်၊ ၃၉ စက္ကန့်) မှာ ပရီး မီးယားလိဂ်တွင် နောက်အကျဆုံးသွင်းယူသည့် အနိုင်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်သာရှိသေးသူ ပါလ်မာသည် ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်ခြင်းဖြစ်သလို ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၁၆ ဂိုးရှိလာပြီဖြစ်သည်။ ၎င်းအနေဖြင့် ဆာလာ(လီဗာပူးလ်)၊ ဆိုလန် ကီ (ဘုန်းမောက်)၊ ဝက်ကင်စ် (ဗီလာ) တို့နှင့် အတူ ပရီးမီးယားလိဂ်ဂိုးအများဆုံးစာရင်းတွင် ပူးတွဲဒုတိယနေရာရပ်တည်နေပြီး ဟာလန်း (မန်စီးတီး) က ၁၈ ဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

သို့ဖြစ်ရာ ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက "သူ့ရဲ့အကောင်းဆုံးအရည်အချင်းတစ်ခုက စိတ်ဓာတ်ပိုင်းနဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပါ။ သူက အသက်ငယ်ရွယ်ပြီး ပထမရာသီကစားပုံက အရမ်းကို တစ်သမတ်တည်းဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဖိအားတွေကို သူကိုင်တွယ်ဖြေရှင်းပုံက အံ့သြစရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒါတွေအားလုံးက အရမ်းကောင်းတဲ့ကစားသမား ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ပွဲစွမ်းဆောင်ရည်အရ သူဟာ ထိပ်တန်းကစားသမားမဟုတ်ဘူးလို့ ငြင်းလို့ မရပါဘူး" ဟု ချီးကျူးပြောကြားခဲ့သည်။

 

Most Read

Most Recent