အာဆင်နယ်နည်းပြ အာတီတာသည် မိမိ၏မိသားစုအား စပိန်ဘာသာစကားဖြင့် ဆဲဆိုစော်ကားခဲ့ကြောင်း ပေါ်တိုအသင်းနည်းပြ ကွန်စီကာအို စွပ်စွဲ

အာဆင်နယ်နည်းပြ အာတီတာသည် မိမိ၏မိသားစုအား စပိန်ဘာသာစကားဖြင့် ဆဲဆိုစော်ကားခဲ့ကြောင်း ပေါ်တိုအသင်းနည်းပြ ကွန်စီကာအို စွပ်စွဲ
Photo : Getty Images
Photo : Getty Images
Published 14 March 2024

ပေါ်တိုအသင်းနည်းပြ ကွန်စီကာအိုက အာဆင်နယ်အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အာဆင်နယ်နည်းပြ အာတီတာသည် မိမိ၏ မိသားစုကို စပိန်ဘာသာစကားဖြင့် ဆဲဆိုစော်ကားခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

မတ်လ (၁၂) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းကို အိမ်ကွင်း အီမရိတ်စ်တွင် ထရိုဆက်ဒ်၏ တစ်လုံးတည်းသောသွင်းဂိုးကြောင့် (၁-ဝ)ဂိုး ဖြင့် အနိုင်ရခဲ့သည်။ သို့သော် နှစ်ကျော့ပေါင်း (၁-၁) သရေဖြစ်နေခဲ့သည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပြီး အာဆင်နယ်အသင်းက ဂိုးသမား ရာယာ၏ လက်စွမ်းပြမှုကြောင့် (၄-၂) ဂိုးဖြင့် အနိုင်ရကာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အဆိုပါပွဲကစားနေစဉ်အတွင်း အာဆင်နယ်နှင့် ပေါ်တို ကစားသမားများအကြား အချင်းများမှုများရှိခဲ့ပြီး ယင်းထဲတွင် အရန်ခုံတန်းမှ ကစားသမားများနှင့် နှစ်ဖက်နည်းပြများလည်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။ အာဆင်နယ်နည်းပြ အာတီတာနှင့် ပေါ်တိုနည်းပြ ကွန်စီကာအိုတို့သည် ပွဲအပြီးတွင် အချေအတင်စကားပြောခဲ့ကြပြီး နှစ်ဖက်အသင်းမှ တာဝန်ရှိသူများက ဖျန်ဖြေခဲ့ရကြောင်း သိရသည်။ ပေါ်တိုနည်းပြ ကွန်စီကာအိုက အာဆင်နယ်နည်းပြ အာတီတာသည် ပွဲကစားနေချိန်တွင် မိမိ၏မိသားစုကို လေးစားမှုမထားဘဲ စကားလုံးများဖြင့် စော်ကားခဲ့ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ကွန်စီကာအိုက "ပွဲရလဒ်က တရားမျှတမှု မရှိပါဘူး။ တကယ်ဆို ကျွန်တော်တို့အသင်းက ကွားတာဖိုင်နယ် တက်ရောက်ခဲ့သင့်တာပါ။ အာတီတာဟာ ကျွန်တော်တို့ အရန်ခုံတန်းဘက်ကို လှည့်ပြီး စပိန်ဘာသာစကားနဲ့ ကျွန်တော့်မိသားစုကို ဆဲဆိုစော်ကားခဲ့ပါတယ်။ သူ လုပ်ရမှာက သူ့ အသင်းကိုပဲ လေ့ကျင့်ပေးသင့်တာပါ"ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းကမူ နည်းပြ အာတီတာအနေဖြင့် ကွန်စီကာအို၏မိသားစုကို ဆဲဆိုစော်ကားခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။

Most Read

Most Recent