ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၄၅ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၄၅ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
တိုင်ပေမြို့ရှိ ထိုင်ဝမ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနအဆောက်အအုံတွင် ထိုင်ဝမ်အလံများ လွှင့်ထူထားပုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ်(Ref:Reuters)
တိုင်ပေမြို့ရှိ ထိုင်ဝမ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနအဆောက်အအုံတွင် ထိုင်ဝမ်အလံများ လွှင့်ထူထားပုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ်(Ref:Reuters)
Published 16 May 2024

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၄၅ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် တရုတ်အစိုးရက အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် ရှုမြင်ထားသည့် လိုင်ချင်တယ်သည် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ သီတင်းတစ်ပတ်ပင်မလိုတော့မည့်အချိန်တွင် ထိုလေယာဉ်များကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တစ်ရက်အတွင်း တရုတ်လေယာဉ်အများဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိ ထိုင်ဝမ် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပြီး မေ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် လိုင်သည် ထိုင်ဝမ်ကျွန်းအတွက် စစ်ပွဲနှင့် ဆုတ်ယုတ်မှုကို ဆောင်ကြဉ်း လာလိမ့်မည်ဖြစ်ကြောင်း တရုတ်က သတိပေးခဲ့ပြီး ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် လိုင်အနိုင်ရခဲ့ပြီးကတည်းက တင်းမာမှုများ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်လေယာဉ် ၄၅ စင်းနှင့် တရုတ်ရေတပ်သင်္ဘော ခြောက်စင်းသည် ထိုင်ဝမ်ကျွန်းအနီးတွင် မောင်းနှင်နေခြင်းကို ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“လေယာဉ် ၂၆ စင်းဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အလယ်စည်းကို ကျော်ဖြတ်ခဲ့ပါတယ်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား၏ အလယ်ဗဟိုစည်းကို ရည်ညွှန်းပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်ခဲ့ပြီး သင့်တော်သလို တုံ့ပြန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မေ ၁၄ ရက်မွန်းလွဲပိုင်းတွင် တရုတ်၏ တိုက်လေယာဉ်များနှင့် ဒရုန်းများအပါအဝင် တရုတ်လေယာဉ် ၂၃ စင်းကို နှစ်နာရီအတွင်း တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်က ပြောသည်။

မေ ၉ ရက်ကလည်း ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၂၃ စင်း နှင့် ရေတပ်စစ်သင်္ဘော ၅ စင်းတို့ကို ထောက်လှမ်းတွေ့ရှိ ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးတွင် စစ်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်တွင် တရုတ်က စစ်လေယာဉ်များနှင့် လေယာဉ် ၁၀၃ စင်းကို စေလွှတ်ခဲ့ပြီး ထိုဖြစ်စဉ်သည် ထိုင်ဝမ်ကျွန်းအနီး တရုတ်လေယာဉ် အစင်းရေအများဆုံး စေလွှတ်မှုဖြစ်ခဲ့သည်။

ထိုလေယာဉ်များထဲမှ လေယာဉ်အစင်း ၄၀ သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ကျော်ဖြတ်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အစောပိုင်းကလည်း တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်၏ အရှေ့မြောက်ဘက်ကမ်းလွန် အပါအဝင် ဒေသတွင်း၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ရေတပ်စစ်သင်္ဘော ၁၀၀ ကျော်ကို တပ်ဖြန့်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်သည် တိုးချဲ့လေတပ်အခြေစိုက်စခန်းများတွင် တိုက်လေယာဉ်အသစ်များနှင့် ဒရုန်းများကို အမြဲတမ်း တပ်ဖြန့်ထားခြင်းဖြင့် ထိုင်ဝမ်နှင့် မျက်နှာချင်းဆိုင်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် လေတပ်အင်အားကို ဖြည့် တင်းလျက်ရှိကြောင်း ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန၏ နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

                                               Ref:AFP

Most Read

Most Recent