၎င်း၏ကင်းလှည့်လေယာဉ်ကို တရုတ်ရေတပ်၏ ရဟတ်ယာဉ်တစ်စင်းက နောက်ယောင်ခံပြီး ချဉ်းကပ်ပျံသန်းခဲ့ကြောင်း ဖိလစ်ပိုင် ပြောကြား

၎င်း၏ကင်းလှည့်လေယာဉ်ကို တရုတ်ရေတပ်၏ ရဟတ်ယာဉ်တစ်စင်းက နောက်ယောင်ခံပြီး ချဉ်းကပ်ပျံသန်းခဲ့ကြောင်း ဖိလစ်ပိုင် ပြောကြား
စက်တင်ဘာ ၁၆ ရက်က မနီလာမြို့တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့်  ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တာရီလာကို တွေ့ရစဉ်(Photo: AFP)
စက်တင်ဘာ ၁၆ ရက်က မနီလာမြို့တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့်  ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တာရီလာကို တွေ့ရစဉ်(Photo: AFP)
Published 26 September 2024

ဖိလစ်ပိုင်ငါးလုပ်ငန်းဗျူရို၏ လေယာဉ်တစ်စင်းသည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် စကာဘိုရော့ချ် သောင်ခုံအနီးတွင် ကင်းလှည့်နေချိန်တွင် တရုတ်ရေတပ်၏ ရဟတ်ယာဉ်တစ်စင်းက နောက်ယောင်ခံပြီး လိုက်ပါပျံသန်းခဲ့ကြောင်း ဖိလစ်ပိုင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး ထိုဖြစ်စဉ်သည် နှစ်နိုင်ငံအကြား နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး နောက်ဆုံးထိပ်တိုက်တွေ့မှုဖြစ်ခဲ့သည်။

ထိုဖြစ်စဉ်သည် စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်လေယာဉ်သည် မစ်ရှင်ကို အပြီးသတ်ထမ်းဆောင်နိုင်ခဲ့ကြောင်းဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ(NSC)က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မနီလာမြို့တော်ရှိ တရုတ်သံရုံးကမှတ်ချက်ပေးရန်တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။

စကာဘိုရော့ချ် သောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ်များပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ်အကြားဝေဟင်နှင့်ရေပြင်များတွင် ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့သည်။ အာရှ၏ ပိုင်ဆိုင်မှုအငြင်းဖွယ်အများ ဆုံးနယ်နိမိတ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် စကာဘိုရော့ချ် သောင်ခုံကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဆယ်စုနှစ်တစ်စုကျော်ကြား သိမ်းပိုက်ထားခဲ့သည်။

တရုတ်၏ လုပ်ဆောင်ချက်များသည် လေကြောင်းလုံခြုံရေးစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တာရီလာက ပြောကြားခဲ့သည်။

တရုတ်သည် ကမ္ဘာ့မြေပုံ အဟောင်းများကို အခြေခံပြီး စကာဘိုရော့ချ်သောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

ထိုသောင်ခုံတွင် လွန်ခဲ့သည့်ရာစုနှစ်များက သောင်တင်ခဲ့သည့် ဗြိတိန်သင်္ဘော တစ်စင်း၏အမည်ကို အစွဲပြုပြီး အမည်ပေးခဲ့ခြင်းဖြစ်ကာ ဖိလစ်ပိုင်၏အထူးစီးပွားရေးဇုန် အတွင်းတွင်တည်ရှိပြီး ဖိလစ်ပိုင်နှင့်ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာအနုညာတခုံရုံးက တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်နိမိတ်ပိုင်ဆိုင်ကြောင်းထွက်ဆိုချက်များသည် တရားမဝင်ကြောင်း စီရက်ချက်ချခဲ့သော်လည်း တရုတ်ကမူထိုစီရင်ချက်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။

ထိုခုံရုံးသည် နိုင်ငံအချို့အတွက် ငါးဖမ်းသည့်နေရာဖြစ်သည့် စကာဘိုရော့ချ်သောင်ခုံကို မည်သည့်နိုင်ငံက ပိုင်ဆိုင်သည်ဆိုခြင်းကို ဆုံးဖြတ်ခဲ့ခြင်းမရှိပေ။

စက်တင်ဘာ ၂၆ ရက်က ဖိလစ်ပိုင်ကာ ကွယ်ရေးဝန်ကြီး ဂီဘာတို တီအိုဒိုရို၏ သီးခြားပြောဆိုမှုတစ်ခုတွင် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်းရှိ တရုတ်သင်္ဘောများကို ချက်ချင်းထွက်ခွာရန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ များက အမေရိကန်၏တာတိုပစ်ဒုံးပစ်လောင်ချာများကို အသုံးပြုတတ်ရန် လေ့ကျင့်မှုအပါအဝင် ဖိလစ်ပိုင်၏ ကာကွယ်ရေးလှုပ်ရှားမှုကို တရုတ်ကကြားဝင်စွက်ဖက်ရန်ကြိုးပမ်းနေကြောင်းပြောကြားခဲ့သည်။ အမေရိကန်ကမူ တရုတ်၏ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည့် ခရုဇ်ဒုံးကျည်များတပ်ဆင်နိုင်သည့် ထိုဒုံးကျည်စနစ်များကို ရုပ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

တရုတ်ကမူ ဖိလစ်ပိုင်တွင် ထိုဒုံးကျည်စနစ်များဖြန့်ကြက်ချထားမှုကို ဝေဖန်ရှုတ်ချခဲ့သည်။                          Ref: Reuters

Most Read

Most Recent