မီလ်တန်ဟာရီကိန်းမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်းများဖြစ်ပေါ်ခဲ့သဖြင့် ဖလော်ရီဒါတွင် အနည်းဆုံး ၁၁ ဦး သေဆုံး

မီလ်တန်ဟာရီကိန်းမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်းများဖြစ်ပေါ်ခဲ့သဖြင့် ဖလော်ရီဒါတွင် အနည်းဆုံး ၁၁ ဦး သေဆုံး
မီလ်တန်မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ် ကလီးယားဝါတာ၌ ရေကြီးနေပုံကို အောက်တိုဘာ ၁၀ ရက်တွင် တွေ့ရစဉ်(Photo:AFP)
မီလ်တန်မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ် ကလီးယားဝါတာ၌ ရေကြီးနေပုံကို အောက်တိုဘာ ၁၀ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 11 October 2024

မီလ်တန်ဟာရီကိန်းက ဖလော်ရီဒါပြည်နယ်တစ်ခွင်တွင် ချာချာလည်သော လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေခဲ့သောကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့သည်ဟု အောက်တိုဘာ ၁၀ ရက်တွင် တာဝန်ရှိသူများ က  ပြောကြားခဲ့သည်။

ဖျက်အား ကြီးမားနိုင်သော ဟာရီကိန်းမုန်တိုင်းဖြစ်လာမည်ဟု ခန့်မှန်းခဲ့သော်လည်း ခန့်မှန်းထားသည်ထက် အားပိုပျော့သော မုန်တိုင်းအဖြစ် ကုန်းတွင်းကို ဝင်ရောက်ခဲ့သော မီလ်တန်ကြောင့် ဖလော်ရီဒါသည် ရေကြီးမှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ၊ အခြားသော ဒုက္ခသုက္ခများကို ကြုံတွေ့နေရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ဟာရီကိန်းသည် မြည်ဟိန်းသံများပြု၍ အတ္တလန်တစ်သို့ ရောက်မသွားမီ အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် ဖလော်ရီဒါပြည်နယ်တစ်လွှားကို တိုက်ခတ်ခဲ့သောကြောင့် ကားလမ်းများသည် လဲကျနေသော သစ်ပင်များ၊ ဓာတ်ကြိုးများဖြင့် ပိတ်ဆို့လျက်ရှိသည်။  ဘေ့စ်ဘောကွင်း၏ ခေါင်မိုးကြီး ပြိုကျခဲ့သည်။ နေအိမ်နှင့်လုပ်ငန်း သုံးသန်းနီးပါးသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိသည်။

လက်ရှိအချိန်ထိ သေဆုံးသူများသည် မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားရာမှ သေဆုံးခြင်းဆိုသည်ထက် လေဆင်နှာမောင်းများကြောင့် သေဆုံးရခြင်းဖြစ်သည်။

“တော်တော် ကြောက်စရာကောင်းပါတယ်”ဟု ပို့ပီယာစ်တွင် နေထိုင်သူ အသက် ၇၀ အရွယ် ဆူဆန်စတက်က ပြောကြားခဲ့သည်။ ပို့စ်ပီယာသည် ဖလော်ရီဒါ အရှေ့ကမ်းရိုးတန်းတွင် တည်ရှိသောမြို့ဖြစ်ပြီး ယင်းမြို့ရှိ သက်ကြီးဂေဟာကို အောက်တိုဘာ ၉ ရက်တွင် လေဆင်နှာမောင်း တိုက်ခဲ့သောကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု သိရသည်။

စိန့်လူစီကောင်တီတွင် ငါးဦးသေဆုံးခဲ့ပြီး ဗိုလူစီယားကောင်တီတွင် သုံးဦး၊ တမ်ပါဘေးမြို့တွင် တစ်ဦး အသီးသီး သေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ အထက်ပါသေဆုံးမှုများသည် လေဆင်နှာမောင်းများကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု အမိမြေလုံခြုံရေးဝန်ကြီး အလီဂျန်ဒရို မာယောကက်စ်က သတင်းထောက်များကို ပြောကြားသည်။

ပေါ့ကောင်တီတွင် လမ်းထိန်းသိမ်းရေး လုပ်သားများက လဲကျနေသော သစ်ပင်ကို ဖယ်ရှားစဉ် လုပ်သားတစ်ဦး၏ ကားကအခြားလုပ်သားကို တိုက်မိခဲ့သောကြောင့် လမ်းလုပ် သားတစ်ဦး သေဆုံးသွားခဲ့သည်။

အမေရိကန် အရှေ့တောင်ပိုင်းပြည်နယ်များသည် တာဝန်ရှိသူများ စိုးရိမ်ပူပန်ခဲ့ရသည့် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများကို ရှောင်ရှားနိုင်ခဲ့သည်ဟု ဆိုသည်။

“မုန်တိုင်းက သိသိသာသာ တိုက်သွားတာ ဖြစ်ပေမယ့်လည်း မုန်တိုင်းဟာ အဆိုးရွားဆုံး အခြေအနေတွေကို မဖြစ်စေလို့ ကျေးဇူးတင်ရမှာပါ”ဟု ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

ကုန်းတွင်းသို့ဝင်မလာမီ မီလ်တန်မုန်တိုင်းသည် လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေခဲ့သည်။ လေဆင်နှာမောင်းများကြောင့် သေဆုံးသူ အများအပြားရှိကြောင်း အတည်မပြုနိုင်သော သတင်းများထွက်ပေါ် ခဲ့သည်။ ဖလော်ရီဒါ အရှေ့ကမ်းရိုးတန်းပေါ်က သက်ကြီးဂေဟာကို လေဆင်နှာမောင်း တိုက်သွားသောကြောင့် လူသေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မီလ်တန်ဟာရီကိန်းသည် အောက်တိုဘာ ၉ ရက်တွင် ဖလော်ရီဒါကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ရာ လွန်ခဲ့သော သီတင်းနှစ်ပတ်ကျော်က အင်အားကြီး မုန်တိုင်းဝင်ရောက်ခဲ့သော ဒေသတွင် ပြင်းထန်သော လေများ တိုက်ခတ်ခဲ့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်သော မုန်တိုင်းဒီရေတို့ ဖြစ်ပေါ်ခဲ့သည်။

“ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းရဲ့ နေရာအများအပြားမှာ မိုးတွေ အလွန်များ နေပါတယ်။ ပြင်းထန်တဲ့ လေတွေလည်း ဆက်လက်တိုက်နေပါတယ်။ ရုတ်တရက်ရေကြီးမှု အရေးပေါ်သတိပေးချက်ဟာ ထုတ် ပြန်ထားဆဲဖြစ်ပါတယ်”ဟု အမျိုးသားဟာရီကိန်းစင်က သတိပေးထားသည်။

Ref:AFP