ဘီယာဗိုက် သီချင်းဗီဒီယို ရိုက်ကူးခဲ့သည့် အဆိုတော် မေသူ၊ ဟာသ သရုပ်ဆောင် အိုကေနှင့် သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့်

ဘီယာဗိုက် သီချင်းဗီဒီယို ရိုက်ကူးခဲ့သည့် အဆိုတော် မေသူ၊ ဟာသ သရုပ်ဆောင် အိုကေနှင့် သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့်
Published 4 April 2024

ဘီယာဗိုက် သီချင်းဗီဒီယို ရိုက်ကူးခဲ့သည့် အဆိုတော်မေသူ၊ ဟာသ သရုပ်ဆောင် အိုကေနှင့် သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လူမှုကွန်ရက်တွင် “ဘီယာဗိုက်အမည်ဖြင့် အရှက်သိက္ခာကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပ တရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က) တွင် နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပါက အရေးယူနိုင်သည်ဟု ပြဌာန်းထားပြီး ထောင်ဒဏ်အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာအစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးရန် ဇန်နဝါရီ ၁၃ ရက်တွင် သတိပေးတားမြစ်ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း မတ် ၁၃ ရက်တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်၍ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent