မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော ဒေါနတောင်ကျော်အာရှလမ်းသစ် ပိတ်ထားဆဲဖြစ်၍ နယ်စပ်ကုန်သွယ်မှုအတွက် ထို့ကော်ကိုးလမ်းမှသာ သွားလာနေရဆဲဖြစ်

မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော ဒေါနတောင်ကျော်အာရှလမ်းသစ် ပိတ်ထားဆဲဖြစ်၍ နယ်စပ်ကုန်သွယ်မှုအတွက် ထို့ကော်ကိုးလမ်းမှသာ သွားလာနေရဆဲဖြစ်
Published 29 March 2024

မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော ဒေါနတောင်ကျော် အာရှလမ်းသစ်ပိတ်ထားဆဲဖြစ်၍ လမ်းပိတ်မည်ဟု ကောလာဟလထွက်ပေါ်ခဲ့သော ထို့ကော်ကိုးတောင်ကျော်လမ်းမှသာ ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေးယာဉ်များ သွားလာနေကြရဆဲဖြစ်သည်ဟု သိရသည်။

ကော့ကရိတ်မြို့နယ် မြပဒိုင်၊ ရင်ကွဲတောင်ဘက်တို့တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် မတ် ၂၅ ရက်နေ့ မြဝတီ ထို့ကော်ကိုးတောလမ်းများပိတ်မည်ဟု ကောလာဟလ သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း ခက်ခဲကြမ်းတမ်းပြီး အကောက်ဂိတ်များပြားသော မြဝတီ-နဒီလင်းမြိုင်-ကျော်ခို့- ထို့ကော်ကိုး-နဘူး-ကျုံဒိုးလမ်းကိုသာ အားကိုးအားထားပြုနေရသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“ထို့ကော်ကိုး တောင်ကျော်ကားလမ်းကတော့ မပိတ်ပါဘူး၊ သင်္ဃန်းညီနောင်မှာ တိုက်ပွဲဖြစ်ကတည်းက မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ ဝှေ့ရှမ်းကျေးရွာထိ လမ်းပိတ်ထားတော့ နဒီဘက်ကသွားရတယ်၊ ဂိတ်ကြေးတွေပိုများလာတယ်။ ကုန်ကျစရိတ်တွေများလာတော့ ကားခတွေလည်း မြင့်လာတာပေါ့နော်၊ ဒီလမ်းမှာသာ တိုက်ပွဲဖြစ်ရင်တော့ ဘယ်လိုမှ သွားမရတော့ဘူး၊ လမ်းကြမ်း၊ ဂိတ်ကြေးများပေမဲ့ ခရီးရောက်သေးတယ်လေ” ဟု မြဝတီ -မော်လမြိုင် ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောကြားသည်။

မတ် ၇ ရက်ကစတင်ကာ တပ်စခန်းများ တည်ရှိသော သင်္ဃန်းညီနောင် ပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်ခြင်းနှင့် စသည်တို့ကြောင့် ပြည်သူ ၁၀ ဦးအထက် သေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့သလို နေအိမ်များလည်း မီးလောင်ဆုံးရှုံးခဲ့သည်။

နှစ်ဖက်တိုက်ပွဲကြောင့် မြဝတီကုန်သွယ်ရေးဇုန်လမ်းမကို အသွားအလာပိတ်ထားခြင်းကြောင့် မြဝတီ နဒီလင်းမြိုင်လမ်းမှသာ ထို့ကော်ကိုးတောင်ကျော်လမ်းသို့သွားလာကြရသည်။

အဆိုပါထို့ကော်ကိုးဒေါနတောင်ကျော်လမ်းတွင်  မြဝတီနယ်စပ်ကုန်သွယ်ယာဉ်တွဲကားများ သွားလာခွင့်မရဘဲ ခြောက်ဘီးယာဉ်များဖြင့်သာ အတက်တစ်ရက် အဆင်းတစ်ရက် ကုန်သွယ်နေကြရကြောင်း သိရသည်။

Most Read

Most Recent