မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကျောက်မျက်ဈေး၌ ပယင်း ရောင်းသည့် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကျောက်မျက်ဈေး၌ ပယင်း ရောင်းသည့် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရ
Published 4 April 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ဧပြီ ၄ ရက် နံနက် ၆ နာရီခန့်က ဇနီးမောင်နှံသေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ ဇနီးမောင်နှံသည် ကျောက်မျက်စျေးတွင် ပယင်းရောင်းချသည်ဟု သိရပြီး ဆိုင်ကယ်စီးနှင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

"ကုန်တင်ကုန်ချလမ်း အကျော် ရေပေါက်နားဖြစ်တာ။လင်မယားက ပယင်းစျေး လာတယ်လို့ သိရတယ်။အမျိုးသားက ရေးမြို့က။အမျိုးသမီးက ပျော်ဘွယ်သူ။ဓါးပြလည်း ဖြစ်နိုင်သလို။စီးပွားရေးအရ အချင်းများတာလည်း ဖြစ်နိုင်တယ်။သေဆုံးသူရဲ့ ဇနီးဆီမှာ ငွေသိန်း ၂၀၀ တွေ့တယ်"ဟု ၎င်းတို့အား ကူညီခဲ့သူတစ်ဦးက ပြောကြားသည်။

အမျိုးသားဖြစ်သူသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ ဆေးရုံရောက်ပြီး တစ်နာရီကျော်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သေနတ်ပစ်တာဆိုတော့ ကယ်ဆယ်ရေးလည်းချက်ချင်းမလုပ်နိုင်ဘူး။ အမျိုးသမီးကစကားတွေ ပြောနိုင်သေးတယ်။ခွဲစိတ်ဖို့ ပြင်နေကြတုန်းမှ ဆုံးသွားတာ"ဟု ၎င်းတို့အား ကူညီခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါပစ်ခတ်မှုအတွင်းအမျိုးသားဖြစ်သူ၏ ဘယ်ဘက်ပါးနှင့်လည်ချောင်းပြွန်တို့တွင် သေနတ်ဒဏ်ရာနှစ်ချက်တွေ့ရပြီး၊ အမျိုးသမီးဖြစ်သူ၏ ဘယ်ဘက်ရင်သားတွင်တစ်ချက်၊ ရင်အုံတွင်သုံးချက် သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားသည် အသက် ၅၃ နှစ်ရွယ်ရှိ ဦးသူရစိုးဖြစ်ပြီး ဇနီးဖြစ်သူမှာဒေါ်မိုးမိုး ဆိုသူဖြစ်ကာသေဆုံးချိန်တွင် အသက် ၄၅ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။

Most Read

Most Recent