အီတလီဂန္ထဝင် ဘက်ဂီယို နေအိမ်၌ ယူရိုပြိုင်ပွဲကြည့်နေစဉ် သေနတ်သမားများ၏ ဖောက်ထွင်းလုယက်မှုခံခဲ့ရ

အီတလီဂန္ထဝင် ဘက်ဂီယို နေအိမ်၌ ယူရိုပြိုင်ပွဲကြည့်နေစဉ် သေနတ်သမားများ၏ ဖောက်ထွင်းလုယက်မှုခံခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 23 June 2024

 

အီတလီဂန္ထဝင်ဘောလုံးသမား ရောဘတ်တိုဘက်ဂီယိုသည် နေအိမ်၌ ယူရိုပြိုင်ပွဲကြည့်ရှုနေစဉ် သေနတ်သမားများ၏ ဖောက်ထွင်းလုယက်မှုခံခဲ့ရကြောင်း သိရသည်။

ဘက်ဂီယို (၅၇ နှစ်) သည် ဇွန် ၂၀ ရက်က အီတလီနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူရို-၂၀၂၄ ပြိုင်ပွဲကို နေအိမ်၌ မိသားစုဝင်များနှင့်အတူ ကြည့်ရှုနေစဉ် ဖောက်ထွင်းလုယက်မှု ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ အီတလီ မီဒီယာများ၏ ဖော်ပြမှုအရ ဒေသစံတော်ချိန်  ည ၁၀ နာရီဝန်းကျင်တွင် အနည်းဆုံးငါးဦး ပါဝင်သည့် လက်နက်ကိုင်ဓားပြများက နိုင်ငံမြောက်ပိုင်း ဗီစင်ဇာမြို့အနီးရှိ ဘက်ဂီယို၏ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

ဘက်ဂီယိုက ရင်ဆိုင်ခုခံရန် ကြိုးပမ်းသဖြင့် ဖောက်ထွင်းသူတစ်ဦးက သေနတ်ဒင်ဖြင့် ဦးခေါင်းကိုထုရိုက်ခဲ့ပြီး ၎င်းအပါအဝင် မိသားစုဝင်များအား အခန်းတစ်ခုအတွင်း သော့ခတ်ထား၍ လက်ဝတ်ရတနာများ၊ နာရီများနှင့် ငွေသားများ ယူဆောင်သွားခဲ့သည်။

၎င်းတို့ ပြန်လည်ထွက်ခွာသွားပြီးနောက် ဘက်ဂီယိုက အခန်းတံခါးကိုဖျက်၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ နောက် ဆေးရုံသို့သွားရောက်၍ နဖူးဒဏ်ရာကို ချုပ်ခဲ့ရပြီး ၎င်း၏မိသားစုဝင်များမှာမူ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။ ဘက်ဂီယိုက ဖောက်ထွင်းလုယက်ခံရမှုဖြစ်စဉ်အကြောင်းကို မန်နေဂျာဖြစ်သူထံမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့ပြီး ကံကောင်းစွာဖြင့် ချုပ်ရိုးအနည်းငယ်နှင့် စိုးရိမ်ကြောက်ရွံ့မှုသာ ခံစားခဲ့ရကြောင်း၊ အားပေးစကားပြောသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent