ဂျပန် လေဆိပ်တွင် ကတ်ကြေး ပျောက်မှုကြောင့် လေယာဉ်ခရီးစဉ် ၃၆ ခု ဖျက်သိမ်း

ဂျပန် လေဆိပ်တွင် ကတ်ကြေး ပျောက်မှုကြောင့် လေယာဉ်ခရီးစဉ် ၃၆ ခု ဖျက်သိမ်း
Published 20 August 2024

 

ဂျပန်လေဆိပ်တစ်ခုတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်အတွင်း လေယာဉ်ထွက်ခွာရာဂိတ်များအနီး သိုလှောင်ရုံတစ်ခု၌ ကတ်ကြေးတစ်လက်ပျောက်သွားသဖြင့် လေယာဉ်ခရီးစဉ် ၃၆ ခုကိုဖျက်သိမ်းလိုက်ရပြီး ခရီးစဉ်အများအပြား နှောင့်နှေးကြန့်ကြာခဲ့သည်။

ဩဂုတ် ၁၇ ရက် မနက်က ဟော့ကိုင်းဒိုးကျွန်းရှိ New Chitose ပြည်တွင်းလေဆိပ်၌ လုံခြုံရေးစစ်ဆေးမှုများ နှစ်နာရီခန့်ရပ်ဆိုင်းသွားပြီး ပြည်တွင်းခရီးသည်များစွာ ပိတ်ဆို့နေခဲ့သည်။

ထွက်ခွာရန်စောင့်နေသည့်ခရီးသည်များအား လုံခြုံရေးအရစစ်ဆေးခံမှုများ ပြန်လည်ပြုလုပ်ခိုင်းသည့်အတွက် လူတန်းရှည်ကြီးလည်းဖြစ်ခဲ့သည်။ ပျောက်သွားသည့်ကတ်ကြေးကိုမူ နောက်တစ်နေ့ဩဂုတ် ၁၈ ရက်တွင် ယင်းသိုလှောင်ရုံ၌ပင်ပြန်တွေ့ခဲ့သည်ဟု လေဆိပ်ကကြေညာခဲ့သည်။

“အခုလိုအဖြစ်မျိုးက သိုလှောင်ရုံရဲ့စီမံမှုတွေ လိုနေသေးတာလို့သတ်မှတ်ပါတယ်။ ဒါမျိုးကလေယာဉ်ပြန်ပေးဆွဲတာ ၊ အကြမ်းဖက်တာမျိုးနဲ့လည်း ဆက်စပ်နေနိုင်တဲ့အတွက် စီမံရေးအပိုင်းမှာ စေ့စပ်သေချာအောင် ကြိုးစားသွားပါ့မယ်”ဟုလည်း ထုတ်ပြန်ခဲ့သည်။ X ဆိုရှယ်မီဒီယာတွင်မူ လေဆိပ်၏တုံ့ပြန်ဆောင်ရွက်မှုကို ချီးကျူးနေကြပြီး ဂျပန်လေကြောင်းလုံခြုံမှုအပေါ် ယုံကြည်မှုပိုတိုးသွားသည်ဟု မှတ်ချက်ပေးထားကြသည်။

New Chitose လေဆိပ်သည် ဂျပန်နိုင်ငံ၏ ခရီးသည်အသုံးပြုမှု အများဆုံးလေဆိပ်များထဲမှတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်ဒုတိယမြောက် လူသွားအများဆုံး ပြည်တွင်းခရီးစဉ်ဖြစ်သည့် တိုကျိုမြို့နှင့်ဆပ်ပိုရိုမြို့ကြားကို ပျံသန်းပို့ဆောင်ပေးလျက်ရှိသည်။ ၂၀၂၂ ခုနှစ်က ယင်းလေဆိပ်ကိုအသုံးပြုသူ ခရီးသည် ၁၅ သန်းကျော်ရှိခဲ့သည်။  

Ref: BBC 



 

Most Read

Most Recent