မန်ယူကိုနိုုင်လျှင် လီဗာပူးလ် (၆)ပွဲ၊ (၇)ပွဲအထိ နိုင်ပွဲဆက်နိုင်သည်ဟု အိုဝင် သုံးသပ်

မန်ယူကိုနိုုင်လျှင် လီဗာပူးလ် (၆)ပွဲ၊ (၇)ပွဲအထိ နိုင်ပွဲဆက်နိုင်သည်ဟု အိုဝင် သုံးသပ်
Photo: X
Photo: X
Published 27 August 2024

လီဗာပူးလ်နှင့် မန်ယူ နှစ်သင်းစလုံး၏ ကစားသမားဟောင်းဖြစ်သည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးလ်အသင်းအနေဖြင့် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းကို အနိုင်ရရှိခဲ့ပါက (၆)ပွဲ၊ (၇)ပွဲအထိ နိုင်ပွဲဆက်နိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် နည်းပြသစ် အာနယ်ဆလော့၏ ဦးဆောင်မှုအောက်၌ ယှဉ်ပြိုင်ကစားနေရသော်လည်း ရာသီကြိုခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်ရာသီအဖွင့်(၂)ပွဲတွင်လည်း ရာနှုန်းပြည့်နိုင်ပွဲ ရယူနိုင်ခဲ့သည်။

သို့သော် လာမည့် တနင်္ဂနွေနေ့တွင် အစဉ်အလာပြိုင်ဘက် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် မိုက်ကယ်အိုဝင်က ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

''ဆလော့နဲ့အတူ ဖြတ်သန်းနေရတဲ့ အခြေအနေက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူက Clean Sheet ရလဒ်တွေနဲ့အတူ နိုင်ပွဲနှစ်ပွဲကို သက်သောင့်သက်သာ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယာဂန်ကလော့ပ်အကြောင်း တွေးနေတာကိုလည်း ရပ်တန့်စေခဲ့ပါတယ်။ ဆလော့က သူဘာလုပ်နေလဲဆိုတာ သိတဲ့သူပါ။ လာမယ့် မန်ယူနဲ့ပွဲကတော့ ဖိအားများမယ့်ပွဲပါ။ အနိုင်မရခဲ့ဘူးဆိုရင် အစ်ဝစ်ချ်နဲ့ ဘရန့်ဖို့ဒ်တို့ကိုပဲ နိုင်တာလားဆိုတဲ့ မေးခွန်းတွေနဲ့ စတင်ရင်ဆိုင်ရနိုင်ပါတယ်။ အနိုင်ရခဲ့ရင်တော့ ပွဲစဉ်ဇယားအရ သူတို့ (၆)ပွဲ၊ (၇)ပွဲအထိ နိုင်ပွဲဆက်ပြီး (၁၈)မှတ် ဒါမှမဟုတ် (၂၁)မှတ် ရနိုင်ပါတယ်''ဟု အိုဝင်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မန်ယူနှင့်ပွဲအပြီးတွင် နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်၊ ဝုလ်ဗ်၊ ခရစ္စတယ်ပဲလေ့စ်တို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent