■ အင်္ဂလန်အသင်းအပေါ် ဝေဖန်မှုများအတွက် ကစားသမားများလည်း တာဝန်ယူသင့်ကြောင်း ကွင်းလယ်လူ ဖိုဒန် သုံးသပ်      

■ အင်္ဂလန်အသင်းအပေါ် ဝေဖန်မှုများအတွက် ကစားသမားများလည်း တာဝန်ယူသင့်ကြောင်း ကွင်းလယ်လူ ဖိုဒန် သုံးသပ်      
Published 5 July 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ ကွင်းလယ်လူ ဖီးလ်ဖိုဒန်က အင်္ဂလန်အသင်းအပေါ် ဝေဖန်မှုများအတွက် ကစားသမားများလည်း တာဝန်ယူသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

    

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဟု သတ်မှတ်ခံထားရသော်လည်း အုပ်စုတွင်း၌ ဆားဘီးယားအသင်းကိုသာ အနိုင်ရပြီး ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နှင့် သရေကျခဲ့သည်။ 

ထို့ပြင် ဆလိုဗက်ကီးယားအသင်းနှင့် (၁၆) သင်းအဆင့်ပွဲတွင်လည်း မိနစ် (၉၀) ကျော်သည်အထိ ရှုံးနိမ့်နေပြီး (၉၀+၅) မိနစ်တွင် ဘယ်လင်ဟမ်၏ ချေပဂိုးနှင့် အချိန်ပို (၉၁) မိနစ်တွင် ဟာရီကိန်း၏ အနိုင်ဂိုးကြောင့် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    

ထို့ကြောင့် အင်္ဂလန်အသင်း၏ စွမ်းဆောင်ရည်အတွက် နည်းပြဖြစ်သူ ဆောက်ဂိတ်ကို ပြင်းထန်စွာ ဝေဖန်လျက်ရှိရာ ဖိုဒန်က "အပြစ်တင်မှုတချို့ကို ကစားသမားတွေလည်း ခံရသင့်ပါတယ်။ ခေါင်းဆောင်တချို့ အတူစုစည်းပြီးတော့ ဘာကြောင့် အလုပ်မဖြစ်ရတာလဲဆိုတဲ့ အဖြေကိုရှာဖို့ လိုပါတယ်။ မန်နေဂျာအနေနဲ့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ သူက စနစ်တစ်ခုသတ်မှတ်ပေးပြီး ဘယ်လိုဖိအားပေးရမလဲဆိုတာ ပြောပါတယ်။ အဲဒီအတိုင်း မဖြစ်ဘူးဆိုရင် အဲဒါကို ပြင်ရပါမယ်။ ဂါရတ် (ဆောက်ဂိတ်)အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့က ခေါင်းဆောင်တွေဖြစ်ရပါမယ်။ ကစားပွဲတွေထဲမှာ ကျွန်တော်တို့ နည်းနည်း ပိုပြီးစုစည်းမှုရှိရင် အဖြေတစ်ခု ထွက်လာနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ကွာတားဖိုင်နယ်တွင် ဆွစ်ဇာလန်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက်လည်း ပရိသတ်များနှင့် မီဒီယာများ၏ ဖိအားပေးမှုများကို ခံနေရဆဲဖြစ်သည်။ 

ယင်းကဲ့သို့ ဖိအားပေးသည့် အခြေအနေများနှင့် ပတ်သက်ပြီး အင်္ဂလန်အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းနှင့် နာမည်ကျော် ဘောလုံးသုံးသပ်သူများအကြား အချေအတင်ဖြစ်ခဲ့သလို၊ အင်္ဂလန်အသင်း၏ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သည့် ဘယ်လင်ဟမ်နှင့်လည်း ပြဿနာများရှိနေသည်။ 

နာမည်ကျော်ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ဂျိုးဟတ်ကမူ ကစားသမားများဘက်က ဖိအားအကြောင်း ပြောလာလျှင် ဝေဖန်သူများအနေဖြင့် ဆင်ခြင်သင့်သည်ဟု ဆိုထားသည်။ 

Most Read

Most Recent