လူထုထောက်ခံမှုနှုန်းကျဆင်းလာသည့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ

လူထုထောက်ခံမှုနှုန်းကျဆင်းလာသည့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ
သြဂုတ် ၁၄ ရက်က တိုကျိုမြို့တော်ရှိ ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၁၄ ရက်က တိုကျိုမြို့တော်ရှိ ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကို တွေ့ရစဉ်(Photo:AFP)
Published 15 August 2024

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် လာမည့်လတွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်က ကြေညာခဲ့ပြီး စီးပွားရေးနှေးကွေးမှုနှင့် လူထုထောက်ခံမှုနှုန်းများ ကျဆင်းမှုများကြောင့် ၎င်း၏ သုံးနှစ် ကြာဝန်ကြီးချုပ် သက်တမ်းသည် အဆုံးသတ်တော့မည်ဖြစ်သည်။

ဆယ်စုနှစ်များစွာကြာ ဆက်တိုက်အုပ်ချုပ်ခဲ့သည့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် လာမည့်လတွင် ပါတီခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်မည်ဖြစ်ပြီး အနိုင်ရရှိသူသည် ဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်သည်။

ကီရှီဒါကမူ သူသည် ပါတီအကြီးအကဲအဖြစ် နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံမည် မဟုတ်ကြောင်း သြဂုတ် ၁၄ ရက်က ပြောကြားခဲ့သည်။

“ပါတီခေါင်းဆောင်ရွေးကောက်ပွဲဟာ   LDP ပါတီဟာ အပြောင်းအလဲတွေ ပြုလုပ်နေတယ်ဆိုတာကို ပြည်သူကို ပြသတာဖြစ်ပါတယ်”ဟု ကီရှီဒါက တိုကျိုမြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုသို့ ပြောင်းလဲမှုများပြုလုပ်ရန် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲများနှင့် လွတ်လပ်ပြီး အားမာန်ပါတီသည့် စကားစစ်ထိုးမှုများ အရေးကြီးကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဝန်ကြီးချုပ်ရာထူးရရှိခဲ့သည့် ကီရှိဒါ၏  LDP ပါတီသည် ဂျပန်တွင် ဝင်ငွေကို ထိခိုက်စေသည့် ကုန်စျေးနှုန်းများမြင့်တက်မှုနှင့် အခြားအရှုပ်တော်ပုံများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူထုထောက်ခံမှုများ ကျဆင်းခဲ့သည်။

ကီရှီဒါ (၆၇ နှစ်) သည် ငွေကြေးဖောင်းပွမှု ဖိအားများကို ပြေလျော့စေရန်နှင့် ၎င်း၏ ရာထူးနေရာတည်မြဲစေရန် ကြိုးပမ်းသည့်အနေဖြင့် ဒေါ်လာ ၁၀၀ ဘီလျံကျော်တန်ဖိုးရှိ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်ကို ပြီးခဲ့သည့် နှစ်က ကြေညာခဲ့သည်။

သို့သော် ထိုအစီအစဉ်သည် လူကြိုက်များခြင်းမရှိခဲ့ဘဲ မဲဆန္ဒရှင်များနှင့် ၎င်း၏ ပါတီဝင်များကပါ သဘောတွေ့ခဲ့ခြင်းမရှိပေ။

ငွေကြေးဖောင်းပွမှုနှင့်အတူ ဂျပန်မဲဆန္ဒရှင်များသည် ယန်းငွေတန်ဖိုးကျဆင်းသည့် မကြုံစဖူးအခြေအနေများကို ကြုံတွေ့ခဲ့ရသည်။

ကီရှီဒါသည် ယူကရိန်းကို ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ချိန်ကတည်းက ယူကရိန်းဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး တရုတ်ကို တန်ပြန်ရန် ဂျပန်၏ကာကွယ်ရေးမူ ၀ါဒကိုပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန်၏ တိုက်တွန်းမှုတို့နှင့်အတူ ပြည်ပ၏ ထောက်ခံမှုများကို ရရှိခဲ့သည်။

ကီရှီဒါသည် အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေး မဟာမိတ်များနှင့် မိတ်ဖက်နိုင်ငံများကို ကွန်ရက်ဖွဲ့ တည်ဆောက်ခဲ့ကြောင်း အမေရိကန် သံအမတ် ရာဟမ်အီမန်နျူယယ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ကီရှီဒါ၏ ဝန်ကြီးချုပ်သက်တမ်းသည် ၂၀၂၅ ခုနှစ်အထိ ရှိမည်ဖြစ်သော်လည်း သူသည် သူ့နေရာကို တည်မြဲစေရန် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် ကီရှီဒါလက်ထက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများသည် အရှုံးနှင့် ရင်ဆိုင်ရနိုင်ကြောင်း LDP ပါတီဝင်များ၏ အတွင်းစည်းမှ အသံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့ သည်။

ဧပြီလအတွင်းကလည်း LDP ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ သုံးပွဲတွင် အရေးနိမ့်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က လက်လုပ်ဗုံးဖြင့်တိုက်ခိုက်မှုရန်မှ ဘေးမသီရန်မခ လွတ်မြောက်ခဲ့သည် ကီရှီဒါသည် ပါတီ၏ ရန်ပုံငွေမြှင့်တင်မှုနှင့်ဆက်နွှယ်သည့် အရှုပ်တော်ပုံများနှင့်ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင် ဆိုင်ခဲ့ရသည်။

Ref:AFP

         

 

 

Most Read

Most Recent