ယူကရိန်းတပ်ဖွဲ့များက ရှောင်တခင်စစ်ဆင်ရေးအတွင်း ရုရှားနယ်မြေများကို ပိုမိုသိမ်းပိုက်ထားပြီး ဘယ်လ်ဂိုရော့နယ်စပ်ဒေသကို ဗုံးကြဲနေသဖြင့် ဘယ်လ်ဂိုရော့၌ အရေးပေါ်အခြေအနေ ကြေညာ

ယူကရိန်းတပ်ဖွဲ့များက ရှောင်တခင်စစ်ဆင်ရေးအတွင်း ရုရှားနယ်မြေများကို ပိုမိုသိမ်းပိုက်ထားပြီး ဘယ်လ်ဂိုရော့နယ်စပ်ဒေသကို ဗုံးကြဲနေသဖြင့် ဘယ်လ်ဂိုရော့၌ အရေးပေါ်အခြေအနေ ကြေညာ
ရုရှားနယ်စပ်အနီး ဆူမီဒေသ၌ ယူကရိန်းတင့်ကားကို သြဂုတ် ၁၃ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ရုရှားနယ်စပ်အနီး ဆူမီဒေသ၌ ယူကရိန်းတင့်ကားကို သြဂုတ် ၁၃ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 15 August 2024

ယူကရိန်းသည် သြဂုတ် ၁၄ ရက်တွင် ရုရှားနယ်မြေထဲ၌ ရှောင်တခင် စစ်ဆင်ရေးလုပ်ခဲ့ပြီး အိမ်နီးချင်း ဘယ်ဂိုရော့နယ်စပ်ဒေသကို ဗုံးကြဲခဲ့ရာ ဘယ်လ်ဂိုရော့အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေကို ကြေညာ ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် လွန်ခဲ့သော သီတင်းပတ်ထဲတွင် ကာ့ရှ်ဒေသကို ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်ပစစ်တပ်က ရုရှားနယ်မြေကို အကြီးမားဆုံး တိုက်ခိုက်မှုအတွင်း ရုရှားမြို့ရွာအများအပြားကို သိမ်းပိုက်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနယ်မြေထဲတွင် ရှေ့ကို ဆက်လက်ချီတက်နေသည်ဟု သြဂုတ် ၁၂ ရက်တွင် ယူကရိန်းတပ်မှူးကြီး အိုလက်ဇန်ဒါဆိုင်ရီစကီးက သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ မနေ့က နယ်မြေ ၄၀ စတုရန်းကီလိုမီတာကိို သိမ်းပိုက်ခဲ့ပါတယ်။ မြို့ရွာ ၇၄ ခုဟာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ကာ့ရှ်၏ အိမ်နီးချင်းဒေသဖြစ်သော ဘယ်လ်ဂိုရော့၏အကြီးအကဲက အရေးပေါ်အခြေအနေကို သြဂုတ် ၁၄ ရက်တွင်ကြေညာခဲ့ပြီး ယူကရိန်းဗုံးကြဲတိုက်ခိုက်မှုအောက်တွင် ရုရှားနယ်စပ်ဒေသ ဘယ်လ်ဂိုရော့တွင် အခြေအနေသည် ခက်ခဲလွန်းနေသည်ဟု  ပြောကြားခဲ့သည်။

“ယူကရိန်းတပ်ဖွဲ့တွေက ဗုံးကြဲနေတာကြောင့်ကျွန်တော်တို့ရဲ့ ဘယ်လ်ဂိုရော့ဒေသမှာ အခြေအနေဟာ အလွန်ခက်ခဲ ကျပ်တည်းနေပါတယ်။ အိမ်တွေ ပျက်စီးကုန်ပါတယ်။ အရပ်သားတွေ သေဆုံး ဒဏ်ရာရခဲ့ပါတယ်”ဟု အုပ်ချုပ်ရေးမှူး ဗိုင်ချီဆလပ်ဂလက်ကော့က တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၏ခါကိဗ်ဒေသနှင့်နယ်ချင်း ထိစပ်နေသော ဘယ်လ်ဂိုရော့သည် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကိုလည်း ခံနေရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းတပ်များ ရှေ့သို့စစ်ချီမှု တစ်ပတ်ပြည့်ခဲ့ပြီးနောက် မိမိတပ်ဖွဲ့များသည် ရုရှားနယ်မြေ စတုရန်း ကီလိုမီတာ ၁,၀၀၀ (၃၈၆ စတုရန်းမိုင်)ခန့် ထိန်းချုပ်ထားသည်ဟု  ဆိုင်ရီစကီးက ပြောကြားခဲ့သည်။

ယူကရိန်းသည် ကာ့ရှ်ဒေသတွင် မြို့ရွာ ၂၈ ခုကို ထိန်းချုပ်ထားပြီး ကျူးကျော်ဝင်ရောက်မှုသည် နယ်မြေထဲကို၁၂ ကီလိုမီတာခန့်အထိ ရောက်လာပြီး အကျယ်သည် ၄၀ ကီလိုမီတာခန့်ရှိသည်ဟု ကာ့ရှ်ဒေသ၏ ယာယီအုပ်ချုပ်ရေးမှူး အလက်ဇီဆမာနော့က ပြောကြားခဲ့သည်။

ကျူးကျော်တိုက်ခိုက်ခြင်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို “တကယ့် အကျပ်ရိုက်”စေသည်ဟု သြဂုတ် ၁၃ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ရာ ယင်းသည် ယူကရိန်း၏ ရှောင်တခင်စစ်ဆင် ရေးနှင့်ပတ်သက်၍ အမေရိကန်သမ္မတ၏ ပထမဆုံး မှတ်ချက်စကားဖြစ်သည်။

ရုရှားတပ်များသည် ယူကရိန်းထိုးစစ်ကို ဆက်လက်တွန်းလှန်နေသည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားနယ်မြေထဲအထိ ယူကရိန်း၏ကျူးကျော် တိုက်ခိုက်မှုကို ထောက်ပံ့ပေးသည့်အတွက် အနောက်အုပ်စုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝေဖန်ခဲ့ပြီး ဖြစ်လာနိုင်ဖွယ်ရာရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမတိုင်မီ ယူကရိန်း၏ စေ့စပ်ဆွေးနွေးမှု အနေအထား တိုးတက်လာစေရန် ရည်ရွယ်ပုံရသည်ဟု ဆိုသည်။

Ref:AFP                                                                     

Most Read

Most Recent