အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ အီရတ်အခြေစိုက်စခန်း ဒုံးကျည်များဖြင့်တိုက်ခိုက်ခံခဲ့ရသည်ဟု အီရတ်လုံခြုံရေး တာဝန်ရှိသူများ ပြောကြား

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ အီရတ်အခြေစိုက်စခန်း ဒုံးကျည်များဖြင့်တိုက်ခိုက်ခံခဲ့ရသည်ဟု အီရတ်လုံခြုံရေး တာဝန်ရှိသူများ ပြောကြား
အီရတ်ရှိ အိန်းအယ်လ်အာဆက် အခြေစိုက်စခန်း၌ အမေရိကန်စစ်သားများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်တွင် တွေ့ရစဉ်(Photo:AP)
အီရတ်ရှိ အိန်းအယ်လ်အာဆက် အခြေစိုက်စခန်း၌ အမေရိကန်စစ်သားများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်တွင် တွေ့ရစဉ်(Photo:AP)
Published 26 July 2024

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းမှတပ်ဖွဲ့များကို ထားသောအီရတ်အခြေစိုက်စခန်း ဇူလိုင် ၂၅ ရက်တွင် ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

“အန်ဘာပြည်နယ် အိန်းအယ်လ်အာဆက် အခြေစိုက်စခန်းရဲ့အနီးနားကို ဒုံး ကျည်လေးစင်း ကျလာပါတယ်”ဟု အီရတ်လုံခြုံရေးသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အခြေစိုက်စခန်းဝင်းနှင့်ကပ်လျက်နေရာကို ဒရုန်းတစ်စင်း၊ဒုံးကျည်သုံးစင်းတို့ဖြင့် တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့သည်ဟု အခြားလုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒုံးကျည်များသည် အခြေစိုက်စခန်း၏ အပြင်ဘက်ကို ကျဆင်းခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ အခြေစိုက်စခန်းလည်း ပျက်စီးခြင်းမရှိကြောင်း ကနဦးသတင်းများအရ သိရသည်ဟု အမေရိကန်တာဝန်ရှိ သူက ပြောကြားခဲ့သည်။

မီဒီယာနှင့်ပြောဆိုခွင့်မရှိသောကြောင့် သတင်းအရင်းအမြစ်အားလုံးက ၎င်းတို့၏အမည်များကို ဖော်ပြခြင်းမရှိဘဲ ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို မည်သည့်အုပ်စုက  လုပ်ဆောင်သလဲဆိုသည်ကို ချက်ချင်းမသိရပေ။

အီရတ်ရှိ အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်အုပ်စုများက  အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို အလားတူတိုက်ခိုက်မှုများသည် လွန်ခဲ့သော လများတွင် ရပ်သွားခဲ့သည်။

အီရတ်နှင့် အမေရိကန်တာဝန်ရှိသူများသည် အီရတ်ရှိ နိုင်ငံတကာ ဂျီဟတ်တိုက်ဖျက်ရေးညွန့်ပေါင်းအဖွဲ့၏ အနာဂတ်နှင့်ပတ်သက်၍ ယခုသီတင်းပတ်အတွင်း ၀ါရှင်တန်၌ လုံခြုံရေးအစည်းအဝေးလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၅ ရက် တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ အီရန်အထောက်ပံ့ခံ အုပ်စုများက ညွန့်ပေါင်းတပ်ဖွဲ့များကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

ကိုယ်စားလှယ်များသည် နှစ်ဦးနှစ်ဖက်လုံခြုံရေး ဆက်ဆံမှု အဆင့်သစ်တစ်ရပ်အတွက် အယူအဆပိုင်းကို နားလည်မှုရယူခဲ့ကြသည်ဟု ဇူလိုင် ၂၄ ရက်တွင် အမေရိကန်  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နားလည်မှုရယူခဲ့သည့် အချက်များထဲတွင် ဆက်ဆံရေး အရာရှိများမှ တစ်ဆင့်ပူးပေါင်းဆောင်ရွက်ရေး၊ သင်တန်းပေးရေး၊ အစဉ်အလာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များပါဝင်သည်ဟု သိရသည်။

ဇူလိုင် ၁၆ ရက်တွင် အိန်းအယ်လ်အာ ဆက်အခြေစိုက်စခန်းဘက်သို့ ဒရုန်းနှစ်စင်းပစ်လွှတ်ခဲ့ရာ ဒရုန်းတစ်စင်းသည် အခြေစိုက်စခန်းဝင်းထဲတွင် ပေါက်ကွဲခဲ့သည်ဆိုသော်လည်း ဒဏ်ရာရခြင်းသို့မဟုတ် ပျက်စီးခြင်းတို့မရှိခဲ့ဟု ဆိုသည်။ ၀ါရှင်တန်၌ ပြုလုပ်သည့် အမေရိကန်-အီရတ် လုံခြုံရေးအစည်းအဝေး ပွဲမတိုင်မီ အီရတ်အစိုးရ အရှက်ရစေရန် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘဂ္ဂဒတ်ရှိ အကြီးတန်း လုံခြုံရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေးနှင့်ဟားမာ့စ်တို့ စစ်ဖြစ်နေချိန် ဒေသတွင်း တင်းမာမှုများမြင့်တက်လာစဉ် အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် အီရတ်နိုင်ငံနှင့်ဆီးရီးယားနိုင်ငံတို့၌ အမေရိကန်တပ်ဖွဲ့များ သုံးလကျော်အတွင်း ၁၇၅ ကြိမ် တိုက်ခိုက်ခံခဲ့ရသည်။

Ref:AFP

Most Read

Most Recent