■ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေအခြေအနေများကို နစကပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြား

■ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေအခြေအနေများကို နစကပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြား
Published 21 June 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေအခြေအနေများကို နစကပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြား

ပရိယတ္တိသာသနာတွင် တန်ဖိုးရှိထင်ရှားကျော်ကြားသော သံဃာတော်အရှင်သူမြတ်တစ်ပါးဆုံးရှုံးခဲ့ရ၍ ဝမ်းနည်းကြောင်းနှင့် အဆင်မြင့်အရာရှိများပါဝင်သော စုံစမ်းစစ်ဆေးအဖြစ်မှန်ဖော်ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်း ဖော်ထုတ်မည်ဟုဆို

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၁ ရက်တွင် ရှင်းလင်းပြောကြားသည်။

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ ပေးပို့လာသည့် အချက်များကို အခြေခံသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်ချက်နှင့် ဖြစ်စဉ်တွင်ပါဝင်သည့် ကန်သုံးဆင့်ဆရာတော်မိန့်ကြားချက် ကွဲလွဲမှုများဖြစ်ပေါ်နေသဖြင့် မြေပြင်ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးဖော်ထုတ်လျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၁ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံ၍ အထက်ပါကဲ့သို့ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

''ဒီဖြစ်စဉ်တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ ပျက်စီးရာ ပျက်စီးကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာတွေ့ရပါတယ်။ ဒီနေ့အထိ NUG PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင်နှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခုမှမပြောဘဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။ သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ ဒါယိကာမများခင်ဗျာ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပည့်တော်တို့လည်း ပရိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားလှတဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါးဆုံးရှုံးခဲ့ရလို့ များစွားဝမ်းနည်းကြေကွဲရပါတယ်။ အဆင်မြင့်အရာရှိများပါဝင်တဲ့ စုံစမ်းစစ်ဆေးအဖြစ်မှန် ဖော်ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ပါမည်။ ဆရာဒါယကာလက်တွဲညီ သာသနာ့အကျိုးဆက်လက်ဆောင်ရွက်ပါမည်ဘုရား။ ဗုဒ္ဓသာသနံ စိရံတိတု'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ဘွဲ့သုံးဘွဲ့ ဆက်ကပ်ပူဇော်ခံခဲ့ရသည့်      နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်ဟောင်း ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်ခဲ့သော ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို တပည့်တော်တို့က ရိုသေလေးစားစွာ ရှိခိုးပူဇော်အပ်ကြောင်း၊ အလားတူ ဒဏ်ရာရရှိခဲ့သော ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ဆရာတော်ကြီးကိုလည်း ရိုသေစွာ ရှိခိုးပူဇော်အပ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

'' သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ ဒါယိကာမများခင်ဗျာ။ ဒီဖြစ်စဉ်ဟာ ဇွန်လ ၁၉ ရက်နေ နံနက် ၁၀ ခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ငါန်းဇွန်၊  မြို့သာ ဒေသဟာ စစ်ကိုင်းတိုင်းဒေကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမြောက်ခြမ်းက PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ မိုင်းထောင်မိုင်းခွဲ ဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏလုပ်ဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မဖြစ်ပွားမီ တစ်ရက်အလို် ဇွန်လ ၁၈ ရက် ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက်သမားငါးဦးဟာ ဆိုင်ကယ်သုံးစီးနဲ့ မြို့သာကျေးရွာလမ်းအတိုင်း အရပ်ဝတ်များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရဲစခန်းအနီးမှာနေထိုင်တဲ့ အပြစ်မဲ့သာမန်အရပ်သားတစ်ယောက် ကျဆုံး၊ သေဆုံးခဲ့ရပါတယ်။ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန် ၁၉ ရက် နံနက် ၆ နာရီခွဲလောက်မှာ ဆီမီးခုံနဲ့ မန္တလေးပြေးဆွဲနေတဲ့ ပြည့််စုံအောင်ယာဉ်လိုင်းက မော်တော်ယာဉ်တစ်စင်းကို အကြမ်းဖက် PDF အဖွဲ့က အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကမ္မကျေးရွာအနီး ကမ္မရွာရဲ့အနောက်မြောက်ဘက်က ဖောင်းကတော သားကျင်ဘက်ကို ခေါ်ဆောင်သွားတယ်ဆိုပြီး ဒေသခံတွေက တိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ အဖွဲ့များဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက်လမ်းကြောင်း အနောက်ဘက် လမ်းကြောင်းနှစ်ကြောင်းနဲ့ ဖောင်းကတော၊ သားကျင်နေရာကို လုံခြုံရေးဆောင်ရွက်ဖို့ ချီတက်ခဲ့ပါတယ်။ အနောက်ဘက်လမ်းကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို နံနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဖောင်းကတောရွာနားအရောက် PDF အကြမ်းဖက်အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲပါတယ်။ အကြမ်းဖက်အဖွဲ့တွေ တောင်ဘက်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ တောင်ဘက် ကမ္မရွာဘက်ကို ထွက်ပြေးသွားတာတွေ့ရှိရပါတယ်။ တပ်ကကျဆုံးဒဏ်ရာရခဲ့သူတွေရှိသလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်ဆိုတာသိရှိခဲ့ရပါတယ်။ အဲဒါနဲ့ မရှေးမနှောင်းမှာပဲ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့ ကမ္မရွာအနီးက ပစ်ခတ်သံတွေကြားခဲ့ရပါတယ်။ အဲဒီအရှေ့ ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ကလည်း ခုနကပြောခဲ့တဲ့ မော်တော်ယာဉ်တစ်စီးခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းတော၊ သားကျင် ရွာဘက်နေ ထွက်ပြေးလာတဲ့ အကြမ်းဖက်အဖွဲ့တွေကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေတဲ့  အဖွဲ့ဖြစ်ပါတယ်။ အဲဒီလုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် SURF အမျိုးအစားယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့လုံခြုံရေးကားပေါ်ကနေ ယာဉ်ကိုရပ်တန်ဖို့ လုံခြုံရေးကားပေါ်ကနေ ယာဉ်ကိုအော်ဟစ်တားဆီးတာတွေ၊ လက်ပြတားဆီးတာတွေလုပ်ခိုင်းကြောင်းသိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကိုမိုးပေါ်ထောင် ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်းသိရှိရပါတယ်။ အရပ်ကား SURF ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်း သိရှိရပါတယ်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စိစစ် ထပ်မံစိစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

အဆိုပါဒေသတွင် လုံခြုံရေးဆောင်ရွက်နေရသည့် စစ်သည်များ၏ တာဝန်ထမ်းဆောင်ရမှုသည် အခက်အခဲရှိကြောင်း၊ PDF အများအနေဖြင့် အရပ်ဝတ်ဖြင့် အရပ်သားအယောင်ဆောင်ပြီး ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို နည်းမျိုးစုံဖြင့် နှောက်ယှက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက်ခွဲခြားနိုင်ရန် ခက်ခဲသည့်အခြေအနေတစ်ခုလည်း ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုအခြေအနေမျိုး မြို့ရွာများကိုကာကွယ်နိုင်ရန်၊ သာမန်အရပ်သားပြည်သူများကို ကာကွယ်နိုင်ရန်၊ ကြိုးစားတာဝန်ယူ ထမ်းဆောင်နေကြရကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာစည်ပင်ထွန်းကားပြန့်ပွားစေရန်၊ ခိုင်မာစေရန်၊ ရှေးယခင်ကတည်းက ယနေ့အထိ တက်ကြွနှိုးကြွားစွာဆောင်ရွက်ခဲ့သည်ကို ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ဘာသာဝင်အားလုံးအသိဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

Most Read

Most Recent