ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက် ပထမဆုံးရုရှားခရီးစဉ်၌ အိန္ဒိယဝန်ကြီးချုပ်မိုဒီ သမ္မတပူတင်နှင့် တွေ့ဆုံ

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက် ပထမဆုံးရုရှားခရီးစဉ်၌ အိန္ဒိယဝန်ကြီးချုပ်မိုဒီ သမ္မတပူတင်နှင့် တွေ့ဆုံ
ဇူလိုင် ၈ ရက်က မော်စကိုမြို့ပြင်ရှိ နိုဗို-အိုဂါယိုဗိုစံအိမ်၌  အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ(ယာ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)တို့ အလွတ်သဘောတွေ့ဆုံမှု ပြုလုပ်နေစဉ်(Photo: AP)
ဇူလိုင် ၈ ရက်က မော်စကိုမြို့ပြင်ရှိ နိုဗို-အိုဂါယိုဗိုစံအိမ်၌  အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ(ယာ)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)တို့ အလွတ်သဘောတွေ့ဆုံမှု ပြုလုပ်နေစဉ်(Photo: AP)
Published 9 July 2024

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇူလိုင် ၈ ရက်က မော်စကိုသို့ နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အလွတ်သဘော တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

မော်စကိုမြို့ပြင်ရှိ ပူတင်၏စံအိမ်တွင်  ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ပြီး ဇူလိုင် ၉ ရက်တွင် ကရင်မလင်၌ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။

မိုဒီသည် ရုရှားအရှေ့ဖျားရှိ ဗလာဒီဗော့ စတော့ဆိပ်ကမ်းမြို့တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခုအား တက်ရောက်ရန် ၂၀၁၉ ခုနှစ်က ရုရှားသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီး ပူတင်နှင့် တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦး သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအ ဖွဲ့(SCO) ထိပ်သီးအစည်းအဝေး ပြင်ပ၌လည်း တွေ့ဆုံခဲ့သည်။

မိုဒီသည် မော်စကိုမြို့သို့ ရောက်ရှိလာချိန်တွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သော X တွင် ဓာတ်ပုံများတင်ခဲ့ပြီး နှစ်နိုင်ငံအကြား အထူးပင် ဂုဏ်ယူစရာကောင်းသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစွာ ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်း မိုဒီက ပြောကြားခဲ့သည်။

“မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးပို မိုခိုင်မာအားကောင်းလာခြင်းဟာ နှစ်နိုင်ငံပြည်သူတွေအတွက် များစွာအကျိုးဖြစ်ထွန်း စေမှာဖြစ်တယ်” ဟု မိုဒီကရေးသားခဲ့ပြီး ၎င်းနှင့် ပူတင်တို့ပွေ့ဖက်နေသည့်ဓာတ်ပုံကို မျှ ဝေခဲ့သည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် မော်စကိုမြို့ပြင်ရှိ ပူတင်၏စံအိမ်ဖြစ်သော နိုဗို-အိုဂါယိုဗို၌ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

ပူတင်သည် အမိုးမပါသော ယာဉ်ငယ်တစ်စင်းဖြင့် မိုဒီအား၎င်း၏မြင်းဇောင်းတစ်ခုဆီသို့ လိုက်လံပြသခဲ့သည်။ မိုဒီက ၎င်းင်းအား နိုဗို-အိုဂါယိုဗို စံအိမ်၌ ကြိုဆိုဧည့်ဝတ်ပြုသည့် အတွက်ပူတင်ကို ကျေးဇူးတင်ကြောင်း ပြော ကြားခဲ့ပြီး နှစ်ပြည်ထောင်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအောင် လုပ်ဆောင်ရာတွင် ဇူလိုင် ၉ ရက် တွေ့ဆုံဆွေးနွေးမှုသည် အလွန်အရေးပါလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် စစ်အေးခေတ်နောက်ပိုင်း  အိန္ဒိယနှင့်ဆက်ဆံရေးအခိုင်အမာ တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးနောက် အိန္ဒိယသည် ရုရှား၏အရေးပါသော ကုန် သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်များက အနောက်နိုင်ငံများ၏ စျေးကွက်အများစုတွင် ရုရှားပို့ကုန်များကို ပိတ်ပင်ခဲ့ပြီးနောက် တရုတ်နှင့် အိန္ဒိယက ရုရှားရေနံများကို အဓိကဝယ်ယူသည့် ဝယ်လက်များဖြစ်လာခဲ့သည်။ လက်ရှိတွင် အိန္ဒိယ၏ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်သည် ရုရှားထံမှဖြစ်သည်။

မိုဒီနှင့် ပူတင်တို့ ဆွေးနွေးမှုများပြုလုပ်ရာတွင် ကုန်သွယ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို အလေးထား ဆွေးနွေးမည်ဖြစ်ကာ အထူးသဖြင့် အိန္ဒိယ၏ အဓိကဆိပ်ကမ်းမြို့ဖြစ်သည့် ချန်နိုင်းနှင့် ရုရှားအရှေ့ဖျားသို့ ဝင်ပေါက်ဖြစ်သည့် ဗလာဒီဗော့စတော့ ဆိပ်ကမ်းမြို့အကြား ပင်လယ်ရေကြောင်း စင်္ကြံတစ်ခု ဖော်ဆောင်မည့် အစီအစဉ်နှင့်ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် စွမ်းအင်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဒေါ်လာ ၆၅ ဘီလျံနီးပါးရှိခဲ့သည်။      

Ref: AP

 

Most Read

Most Recent