အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်မည်မဟုတ်ဟု လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ငြင်းဆန်

အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်မည်မဟုတ်ဟု လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 2 August 2024

လီဗာပူးလ်အသင်းနှင့် လမ်းခွဲထားသည့် နည်းပြဟောင်း ယာဂန်ကလော့ပ်က အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်လိမ့်မည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ် (၅၇ နှစ်) သည် မကြာသေးမီက အမေရိကန်လက်ရွေးစင်အသင်းနည်းပြရာထူးကို ငြင်းဆန်ထားပြီး အင်္ဂလန်အသင်းနည်းပြရာထူးအတွက်လည်း အက်ဒီဟောင်း၊ ဂရေဟမ်ပေါ်တာ၊ ပိုချက်တီနိုတို့နှင့်အတူ ရေပန်းစားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဂျာမနီနိုင်ငံ၌ပြုလုပ်သည့် နိုင်ငံတကာနည်းပြများ ကွန်ဂရက်သို့ တက်ရောက်စဉ် ယာဂန်ကလော့ပ်က '' လောလောဆယ်တော့ အလုပ်နဲ့ပတ်သက်ပြီး ဘာမှမရှိပါဘူး။ ကလပ်အသင်းရော၊ နိုင်ငံအသင်းရော ဘာမှမရှိပါ ဘူး။ အင်္ဂလန်အသင်းလား။ အခု မင်းအတွက် ခြွင်းချက်တစ်ခုလုပ်လိုက်မယ်လို့ ကျွန်တော် ပြောရင် အဲဒါက ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုရင်ဆိုင်ရတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် တစ်ခုခု လုပ်မှာပါ။ ကျွန်တော့်မြေးနဲ့ Padel တင်းနစ် ကစားဖို့အတွက် ကျွန်တော်က ငယ်ပါသေးတယ်။ နည်းပြ ထပ်လုပ်ဦးမလားဆိုရင် အခုလောလောဆယ်တော့ ကျွန်တော် ငြင်းဆန်ပါဦးမယ်။ နောက်ထပ် လအနည်းငယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ အခုလောလောဆယ်တော့ ဘာမှ မဖြစ်သေးပါဘူး။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေကို ကျွန်တော် နည်းပြခဲ့ဖူးပါတယ်။ လအနည်းငယ်ဆိုရင် အဲဒီအကြောင်း ထပ်ပြောချင်ပြောရနိုင်တယ်။ ဘောလုံးလောကထဲမှာ ကျွန်တော် အလုပ်လုပ်ချင်ပါသေးတယ်။ ကျွန်တော့် ရဲ့အတွေ့အကြုံနဲ့ လူတွေကို ကူညီပေးချင်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် နည်းပြဘဝတွင် မိန့်ဇ်၊ ဒေါ့မွန် နှင့် လီဗာပူးလ်အသင်း (၃) သင်းကိုသာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး မိန့်ဇ်အသင်းတွင် (၇) ရာသီ၊ ဒေါ့မွန်အသင်းတွင် (၇) ရာသီ နှင့် လီဗာပူးလ်အသင်းတွင် (၉) ရာသီကြာ ကိုင်တွယ်ခဲ့ ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းအတွက် စုစုပေါင်း ပွဲစဉ် (၄၉၁) ပွဲအထိ ကိုင်တွယ်ခဲ့ရာတွင် (၂၉၉) ပွဲနိုင်၊ (၁၀၉) ပွဲ သရေ၊ (၈၃) ပွဲ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း စုစုပေါင်းမှာ (၆၀.၉၀) အထိရှိခဲ့ကြောင်းလည်း သိရှိရသည်။ 

Most Read

Most Recent