မိုးပျံပူဖောင်းများ လွှတ်တင်မှုအတွက် မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက်ကို အလုံးစုံရပ်ဆိုင်းမည်ဟု တောင်ကိုရီးယား ပြောကြား

မိုးပျံပူဖောင်းများ လွှတ်တင်မှုအတွက် မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက်ကို အလုံးစုံရပ်ဆိုင်းမည်ဟု တောင်ကိုရီးယား ပြောကြား
ကိုရီးယားနှစ်နိုင်ငံကို  ပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်အနီးရှိ ကင်းစခန်းတစ်ခုတွင် စောင့်ကြပ်နေသည့် မြောက်ကိုရီးယားစစ်သားတစ်ဦးကို ၂၀၂၀ ခုနှစ် ဇွန်လက တွေ့ရစဉ်(Photo:Reuters)
ကိုရီးယားနှစ်နိုင်ငံကို  ပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်အနီးရှိ ကင်းစခန်းတစ်ခုတွင် စောင့်ကြပ်နေသည့် မြောက်ကိုရီးယားစစ်သားတစ်ဦးကို ၂၀၂၀ ခုနှစ် ဇွန်လက တွေ့ရစဉ်(Photo:Reuters)
Published 3 June 2024

နှစ်နိုင်ငံ တင်းမာမှုများကိုလျှော့ချရန်အတွက် ၂၀၁၈ ခုနှစ်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် စစ်ရေး သဘောတူညီချက်ကို အပြည့်အဝ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင် စီက ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက နယ်စပ်ကိုဖြတ်၍ အမှိုက်များ အပြည့်ထည့်ထားသည့် ရာနှင့်ချီသော မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ ပစ်လွှတ်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားက စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင် ခဲ့ပြီးနောက် တောင်ကိုရီးယားက ယင်းသဘောတူညီချက်ကို တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းခဲ့သည်။

သို့သော် ကိုရီးယားနှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု မတည်ဆောက်နိုင်သေးသရွေ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် စစ်ရေးသဘောတူညီချက်၏ သက်ရောက်မှု အားလုံးကို ရပ်ဆိုင်းထားရန် အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားမည်ဟု အမျိုးသားလုံခြုံရေးကောင်စီက ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က မြောက်ကိုရီးယားသည် စီးကရက်တိုများနှင့် မြေဆွေးများအပါအဝင် အမှိုက်များကို သယ်ဆောင်သွားသည့် အရေအတွက် တစ်ထောင်နီးပါးရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ ပစ်လွှတ်ခဲ့သည်။ ယင်းသည် တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူများ၏ အစီအစဉ်ဖြင့် မြောက်ကိုရီးယား အစိုးရဆန့်ကျင်ရေး ၀ါဒဖြန့်သည့်စာများ ကြဲချမှုကို လက်တုံ့ပြန် ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြော ဆိုထားသည်။

မေ ၂၉ ရက်က မြောက်ကိုရီးယားသည် အမှိုက်များ၊ သန့်စင်ခန်းတွင် အသုံးပြုထားသည့် စက္ကူများနှင့် တိရစ္ဆာန်မစင်ဟု ယူဆရသည့် အညစ်အကြေးများ အပြည့်ထည့်ထားသော မိုးပျံပူဖောင်းများကို တောင်ကို ရီးယားဘက်သို့ ပစ်လွှတ်ခဲ့သည်။

မြောက်ကိုရီးယားသည် နယ်စပ်တစ်လျှောက်တွင် အမှိုက်များပါရှိသည့် မိုးပျံပူဖောင်းအလုံးရေ ၆၀၀ ခန့်ကို လွှတ်တင်ခဲ့သည်ဟုလည်း တောင်ကိုရီးယားစစ်တပ်က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ လတ်တလော ရန်စမှုများသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး နိမ့်ကျသည့်လုပ်ရပ် ဖြစ်သည် ဟု တောင်ကိုရီးယားက ပြင်းထန်စွာဝေဖန်ခဲ့သည်။ ယင်းကဲ့သို့ အမှိုက်များထည့်ထားသည့် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းသည် ယခင်ပြုလုပ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကဲ့သို့ ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့ မှုများကို ချိုးဖောက်ခြင်းမရှိပေ။

ယင်းသို့ မိုးပျံပူဖောင်းများ တရစပ် လွှတ်တင်ကာ တန်ပြန်မှုသည် ထိရောက်သော်လည်း ယင်းအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ဇွန် ၂ ရက် တွင် ပြောကြားခဲ့သည်။ သို့သော် လိုအပ်လာ လျှင် ယင်းသို့ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ လျှော့ချရန်နှင့် အထူးသဖြင့် လုံခြုံရေးအခိုင်အမာချထားသည့် နယ်စပ်တစ်လျှောက်တွင် မထင်မှတ်ဘဲ တင်းမာမှုများ ရုတ်ခြည်းမြင့် တက်လာခြင်းကို ရှောင်လွှဲနိုင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာသည့် ကာလဖြစ်သော ၂၀၁၈ ခုနှစ်တွင် ယင်းစစ်ရေးသ ဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုကို ဆန့်ကျင်သည့်အနေဖြင့် တောင်ကိုရီးယားက ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ယင်းသဘောတူညီချက်ကို လုံးဝလိုက်နာတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင် အင်အားပိုမိုတောင့်တင်းစွာ ဖြန့်ကြက်မည်ဟုလည်း မြောက်ကိုရီးယားက ဆိုသည်။    

Ref:AFP

Most Read

Most Recent