မြေပြိုခဲ့သည့် ပါပူအာနယူးဂီနီ၌ မြေပြိုမှုထပ်မံဖြစ်ပွားမည့် အန္တရာယ်ရှိနေပြီး ဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့ပြီးနောက် လေးရက်အကြာတွင် အသက်ရှင်သူများကို တွေ့ရန် အလားအလာ နည်းလွန်းနေ

မြေပြိုခဲ့သည့် ပါပူအာနယူးဂီနီ၌ မြေပြိုမှုထပ်မံဖြစ်ပွားမည့် အန္တရာယ်ရှိနေပြီး ဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့ပြီးနောက် လေးရက်အကြာတွင် အသက်ရှင်သူများကို တွေ့ရန် အလားအလာ နည်းလွန်းနေ
မူလီတာကာရွာ၌ မြေပြိုသည့်နေရာကို ဒေသခံများ တူးဖော်နေပုံကို မေ ၂၈ ရက်တွင်တွေ့ရစဉ်(Photo: AFP)
မူလီတာကာရွာ၌ မြေပြိုသည့်နေရာကို ဒေသခံများ တူးဖော်နေပုံကို မေ ၂၈ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 28 May 2024

ပါပူအာနယူးဂီနီ၏ပြင်းထန်သည့်မြေပြိုမှုအတွင်း နောက်ထပ်အသက်ရှင်ကျန်ရစ်သူများကိုတွေ့ရှိရန် ဖြစ်နိုင်ခြေ နည်းလွန်းသွားပြီဟုမေ ၂၈ ရက်တွင် ယူနီဆက်ဖ်တာဝန်ရှိသူကသတိပေးပြောကြားခဲ့သည်။

ထပ်မံမြေပြိုမည့်အနေအထားများကြောင့် နယ်ခံထောင်ပေါင်းများစွာသည် နေရာရွှေ့ပြောင်းကြရမည်ဟု အာဏာပိုင်များက သတိပေးထားသည်။

မေ ၂၄ ရက် နံနက်လင်းအားကြီးအချိန်တွင် ဝေးလံသောတောင်စောင်းရွာများ၌ အင်အားကြီးမားသည့် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂,၀၀၀ ခန့်မြေအောက်ကို မြုပ်သွားသည်ဟု ယူဆရသည်။

အန်ဂါပြည်နယ်ရှိ တစ်ခါကပျားပန်းခတ်စည်ကားသော တောင်စောင်းရွာသည် မေ ၂၄ ရက် နံနက်လင်းအားကြီးအချိန်တွင် မွန်ဂါလိုတောင်၏အစိတ်အပိုင်းအများအပြား ပြိုကျလာသည့်အခါ တစ်ရွာလုံးနီးပါးပျက်စီးသွားခဲ့ရသည်။ အိမ်များနှင့်ယင်းအိမ်များထဲတွင် အိပ်ပျော်နေကြသူများ ပိပြားကုန်သည်။

နယ်ခံများ၊ ကယ်ဆယ်ရေးအဖွဲ့များသည် ကားတစ်စီးအရွယ်အစားရှိသော ကျောက်တုံးများ၊ အမြစ်မှကျွတ်ထွက်နေသောသစ်ပင်များ၊ ရှစ်မီတာ(၂၆ ပေ)အထိနက်သော အလိမ့်လိမ့်ထနေသည့်မြေကြီး များ ရောနေသည့် မြေပြိုမှုအောက်တွင် အလောင်းများကို ရှာဖွေရန်ဂေါ်ပြားများ၊ သစ်သားများကို အသုံးပြုလျက်ရှိသည်။ ယင်းသို့ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်မှာ မေ ၂၈ ရက်တွင် လေးရက်မြောက်ရှိပြီဖြစ်သည်။

တောင်မှ ပဲ့ထွက်လာသောမြေကြီးများအောက်တွင် အသက်ရှင်သူများ ရှိနေဆဲဆိုသည့် မျှော်လင့်ချက်များသည် မှေးမှိန်လာပြီဖြစ်သည်။

“ဒါဟာ ကယ်ဆယ်ရေးလုပ်ငန်းမဟုတ်ပါဘူး။ ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်ပါတယ်။ သူတို့ အသက်ရှင်မယ်ဆိုတာဖြစ်နိုင်ခြေ အလွန်နည်းသွားပါပြီ”ဟု ယူနီဆက်ဖ် ပါပူအာနယူးဂီနီ၏ နီရယ်ခရိုင်ယာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဖြစ်ပွားရာ နေရာ၏ ဝေးလံမှု၊ မိုးသည်းထန်မှု၊ အနီးအနား၌ လူမျိုးရေးပဋိပက္ခဖြစ်ပွားမှု၊ ပြင်ပကမ္ဘာနှင့်ဆက်သွယ်သည့် တစ်ခုတည်းသောကားလမ်းကို အဆက်အသွယ်ပြတ်တောက်စေသော မြေပြိုမှုတို့က အင်ပြည့်အားပြည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့့ရေးလုပ်ငန်းတို့ကို ဆိုးဆိုးရွားရွားအဟန့်အ တားဖြစ်စေသည်။

မေ ၂၈ ရက် နံနက်ပိုင်းတွင် ထုံးကျောက်တုံးများ၊ အညစ်အကြေးအမှိုက်သရိုက်များ၊ ကျောက်တုံးများသည် မွန်ဂါလိုတောင်၏ ဘေးမှပဲ့ထွက်နေဆဲဖြစ်သည်ဟု အန်ဂါပြည်နယ်အုပ်ချုပ်ရေးမှူး ဆန်ဒစ်တီတာခါက ပြောကြားခဲ့သည်။

အာဏာပိုင်များသည် ခရိုင်နှစ်ခုမှ စုစုပေါင်းလူဦးရေ ၇,၉၀၀ ခန့်ကို အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းပေးရန် ကြိုးစားနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

“အဖြစ်ဆိုးဟာ သက်ဝင်လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ကျောက်တုံး ကွဲသံတွေကို နာရီတိုင်းကြာနေရပါတယ်။ ကျောက်တုံးတွေ အက်ကွဲတဲ့အသံတွေဟာ ဗုံးကွဲသံလိုလို၊ သေနတ်သံလိုလိုပါပဲ။ ကျောက်တုံးတွေက လိမ့်ကျနေဆဲပါ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြေပြိုမှုကြောင့် လူ ၁,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားသည်ဟု အန်ဂျီအိုအဖွဲ့များက ခန့်မှန်းထားသည်။

Ref: AFP

Most Read

Most Recent