လူ့အခွင့်အရေးကောင်စီအစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အချို့မှပါဝင်သည်ဆိုကာ အရေးယူပေးရန်တောင်းဆိုမှုသည် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး မြန်မာနှင့် ပြည်ပနိုင်ငံများအကြားဆက်ဆံရေးကို ထိခိုက်စေသဖြင့် ဗဟိုဘဏ်ကန့်ကွက်

လူ့အခွင့်အရေးကောင်စီအစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အချို့မှပါဝင်သည်ဆိုကာ အရေးယူပေးရန်တောင်းဆိုမှုသည် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး မြန်မာနှင့် ပြည်ပနိုင်ငံများအကြားဆက်ဆံရေးကို ထိခိုက်စေသဖြင့် ဗဟိုဘဏ်ကန့်ကွက်
Published 28 June 2024

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာပါ ဘဏ်များနှင့်ပတ်သက်သော ရေးသားဖော်ပြချက်များသည် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဇွန် ၂၆ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားပါကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာစိစစ် ရယူခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာအဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက်အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence - EDD) အား ကောင်းစွာဆောင်ရွက်လျက်ရှိပါကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာ နိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲ အဖွဲ့ (APJG) သို့ တင်ပြချက်များနှင့် မျက်နှာချင်းဆိုင်အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်​ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများသည်လည်း မြန်မာနိုင်ငံသားများအတွက် အဓိက မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များဖြစ်သည့် ဆေးနှင့်ဆေးအထောက်အကူပြု ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊စားသုံးဆီများ တင်သွင်းမှုများအတွက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဘဏ်များအနေဖြင့်ယင်းကုန်စည်များတင်သွင်းခြင်းအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်းအထောက် အထားများရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

သို့ပါ၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Most Read

Most Recent