ဘီးလင်းမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မိုင်းခွဲခံရပြီး ကားလမ်း အဆက်အသွယ်ပြန်လည်ပြတ်တောက် ချောင်းအတွင်း ဆိုင်ကယ်သုံးစီးပြုတ်ကျပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မိုင်းခွဲခံရပြီး ကားလမ်း အဆက်အသွယ်ပြန်လည်ပြတ်တောက် ချောင်းအတွင်း ဆိုင်ကယ်သုံးစီးပြုတ်ကျပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိ
Published 23 May 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်ရှိ ဒေသအခေါ် မစောတံတားမှာ ယနေ့နံနက်အစောပိုင်းအချိန်က မိုင်းထောင် ဖောက်ခွဲဖျက် ဆီးခံရပြီး ကားလမ်းအဆက်အသွယ် ပြန်လည်ပြတ်တောက်သွားခဲ့ကြောင်းနှင့် မိုင်းခွဲဖျက်ဆီးခံ ထားရသည့် ချောင်းအတွင်း ဆိုင်ကယ် သုံးစီးပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားမှာ ယနေ့ မေလ (၂၃) ရက် နံနက် (၄) နာရီ (၄၅) မိနစ်အချိန်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်ဟု ကြားသိရ ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တံတားရဲ့ (၃) ပုံ (၂) ပုံ က ချောင်းထဲကျိုးကျသွားတယ်။ ကျန်နေတဲ့အပိုင်းကလည်း ကားတွေသွားလာဖို့က မလွယ်တော့ဘူး။ ကားလမ်းအဆက်အသွယ် ပြန်ပြတ်တောက်သွားတဲ့ သဘောပါဘဲ” ဟု ပြောကြားသည်။

ထို့နောက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် အဆိုပါ မစောတံတားကျိုးပျက်နေသည့်ကို သိရှိခြင်း မရှိဘဲ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်သုံးစီးမှာ ချောင်းအတွင်း ပြုတ် ကျခဲ့ရာမှ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“သေဆုံးသွားတဲ့ အမျိုးသား တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိထားကြတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် မွန်၊ ကရင်၊ တနင်္သာရီဘက်မှ ရန်ကုန်ဘက်သို့ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု ပြန်လည်ပြတ်တောက် သွားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၁၁) ရက်နေ ့နံနက်စောပိုင်းအချိန်က မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး သည့်နောက် (၁၂) ရက်အကြာ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု ၊ တောင်ကလေးကျေးရွာအထွက် ရန်ကုန် -မော်လမြိုင်ကားလမ်းမပေါ်ရှိ ဒေသအခေါ် မစောတံတား ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရ ခြင်းဖြစ်သည်။

Most Read

Most Recent