ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပမည်ဖြစ်ပြီး မဖြစ်ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပမည်ဖြစ်ပြီး မဖြစ်ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 8 June 2024

ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပမည်ဖြစ်ပြီး မဖြစ်ဖြစ်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း  နိိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇွန် ၇ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)တွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ 

နစကဥက္ကဋ္ဌရှေ့လုပ်ငန်းစဉ် ပဥ္စမ အချက်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက်ဖြစ်ခဲ့ရသည့်အဖြစ်မျိုး ထပ်မံမဖြစ်စေရေး အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲစာရင်း များမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင် စာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်း ထွက်လာမည် ဖြစ်ကာ မဲစာရင်းများပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာ မှန်ကန်သည့်မဲစာရင်းများရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှန်ကန်စွာပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မြေပြင်ကွင်းဆင်းကောက်ယူရန် အခက်အခဲရှိသည့်နေရာများ၌လည်း မြေပြင်တွင်ရှိသည့်စာရင်းများနှင့် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးစာရင်း ကိုက်ညီမှုရရှိသည်အထိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ရှိစာရင်းကို ဦးစာပေးကောက်ယူသွားမည်ဖြစ်ကြောင်း၊ ကောက်ယူ၍ရနိုင်သည့်မြို့ရွာများကို ဦးစွာကောက်ယူ၍ ဆက်စပ်မြို့နယ်များကို   လုံခြုံရေးရယူ၍ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် မိမိတို့၏   အန္နိမရည်မှန်းချက်ပင်ဖြစ်သည့်အတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကောင်စီဝင်များအနေဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး၊ ရွေးကောက်ပွဲအောင်မြင်မှု ရှိစေရေး မိမိတို့လုပ်ဆောင်နိုင်သည်မှန်သမျှကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။ 

Most Read

Most Recent