အင်းလေးခရမ်းချဉ်သီးစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံအထွက်နှုန်းကျခြင်းကြောင့် ခရမ်းချဉ်သီးစျေးနှုန်း မြင့်တက်

အင်းလေးခရမ်းချဉ်သီးစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံအထွက်နှုန်းကျခြင်းကြောင့် ခရမ်းချဉ်သီးစျေးနှုန်း မြင့်တက်
Published 14 June 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ် အင်းလေးကန်ကျွန်းမျောစိုက်ခင်းများ ရေတက်၍ နစ်မြုပ်သဖြင့် သီးနှံအထွက်နှုန်းကျခြင်းကြောင့် အင်းလေးခရမ်းချဉ်သီးစျေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ဇွန် ၁၃ ရက်တွင် ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရသည်။

နွေရာသီတွင် အပူချိန်ကြောင့် အခင်းများပျက်စီးသလို မိုးရာသီတွင်ရေတက်သဖြင့် ကျွန်းမျောစိုက်ခင်းများ ရေမြုပ်သဖြင့် ခရမ်းချဉ်သီးပင်များပျက်စီးကာ အထွက်နှုန်းလျော့ ကျမှုများရင်ဆိုင်ရသဖြင့် စိုက်တောင်သူများ အခက်ကြုံနေရကြောင်း သိရသည်။

ခရမ်းချဉ်သီးစျေးနှုန်းသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးစျေးနှုန်းသစ်တင်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း သီးနှံအထွက်နည်းနေချိန်တွင် အင်းလေးခရမ်းချဉ်သီး (ပိဿာ ၃၀ ပါ) တစ်တင်းလျှင် ကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ အကြား ၊ မေလအတွင်းတွင် ကျပ် ၅၀၀၀၀ ခန့် ၊ ဇွန်လအစပိုင်းတွင် ကျပ် ၆၅၀၀၀ ခန့်ဖြစ်ပေါ်ခဲ့ပြီး  ဇွန်လ ၈ ရက်မှစ၍ ထပ်မံစျေးတက်ခဲ့ရာ ဇွန် ၁၃ ရက်တွင် ကျပ် ၉၀၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

ထိုသို့ အင်းလေးခရမ်းချဉ်သီး စံချိန်တင်စျေးနှုန်းမြင့်တက်သော်လည်း ကုန်ကျစရိတ်မြင့်တက်ခြင်းကြောင့် စိုက်တောင်သူနည်းပါးကာ ကျွန်းမျောစိုက်တောင်သူအနည်းငယ်ခန့်သာ စျေးကောင်းရရှိခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent