ဂျာမနီအခြေစိုက် Bild သတင်းစာ၏ နာမည်ကျော် စစ်ရေးအကဲခတ်သူ၊ သတင်းထောက် ဂျူလီယန်ရော့ကီသည် သတင်းလောကမှ နုတ်ထွက်ကာ ဂျာမနီ-ယူကရိန်း ဖက်စပ် ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်တော့မည်ဖြစ်သည်။
ထိုသတင်းကို ဂျူလီယန်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တင်ကြေညာထားခြင်းဖြစ်သည်။
၎င်း၏အစီအစဉ်ကို လာမည့်လပိုင်းအတွင်း အကောင်အထည်ဖော်မည်ဟုလည်း ဆိုထားသည်။
ပို့စ်ထဲတွင် "၂၀၂၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ယူကရိန်းကို ဒရုန်းတွေ အဓိက ထောက်ပံ့ပေးနေတဲ့ ဂျာမနီ-ယူကရိန်း ဖက်စပ်ကုမ္ပဏီတစ်ခုကို ကျွန်တော်ပြောင်းတော့မှာပါ။ အဲဒီကုမ္ပဏီက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကာကွယ်ခုခံရေးအတွက် အရေးပါတဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်တွေကို ဖော်ဆောင်ပေးနေတာပါ" ဟု ဖော်ပြပါရှိသည်။
ဂျူလီယန်က ဂျာမနီနှင့် ယူကရိန်းရှိ ဝန်ထမ်းများ၏ လုံခြုံရေးကို ထည့်တွက်ပြီး ကုမ္ပဏီအမည်ကို ထုတ်ဖော်ပြောမည်မဟုတ်ဟုလည်း ဆိုသည်။ ၎င်းသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် စစ်ရေးသုံးသပ်ချက်များကြောင့် လူသိများထင်ရှားလှသည်။















