သထုံမြို့နယ် ဇရပ်ကျွန်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင်  ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီး

သထုံမြို့နယ် ဇရပ်ကျွန်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင်  ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီး
Published 8 June 2024
ဘိုဘိုမြင့်

သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ဇရပ်ကျွန်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ဇွန်လ ၇ ရက် နံနက် ၄ နာရီခန့်က ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်စီး ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့်  HYUNDAI အမျိုးအစား (၁၂) ဘီးကုန်တင်ယာဉ်မှာ ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၄) နှင့် (၁၃၄/၅) ကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနက် (၄) နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲသံကြားရတော့ တံတားမိုင်းခွဲခံရပြန်ပြီ ထင်နေတာ။ နောက်မှ ကုန်ကားမီးလောင်နေတာ တွေ့ကြရတော့ အနားကလူတွေ မီးဝိုင်းငြှိမ်းလိုက်ကြတယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးတည်းပါလာတယ်။ မတ်ပဲတွေတင်လာတာလို့ သိရတယ်။ ကုန်ကားခေါင်းပိုင်းနဲ့ မတ်ပဲအိတ်တွေ မီးလောင်ကုန်တယ် ဟု ပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် (၁၂) ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်းမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

 (၂၀၂၃) ခုနှစ် မေလ (၂၃) ရက် ည (၉) နာရီခန့်ကလည်း အဆိုပါ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဇရပ်ကျွန်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ဘားအံဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် (၂၂) ဘီးတွဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးပြီး၊ တွဲကား၏ ဦးခေါင်းပိုင်း မိုင်းစထိမှန်ပျက်ဆီးခဲ့ကာ၊ တွဲကားပေါ် လိုက်ပါလာကြသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။

 

Photo - CJဘိုဘိုမြင့်

Most Read

Most Recent