ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ရမည်ဖြစ်ပြီး ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ဈေးဖြင့် မရောင်းချပါက ထိရောက်စွာ အရေးယူခံရမည်ဟု YGEA ထုတ်ပြန်

ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ရမည်ဖြစ်ပြီး ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ဈေးဖြင့် မရောင်းချပါက ထိရောက်စွာ အရေးယူခံရမည်ဟု YGEA ထုတ်ပြန်
Published 5 June 2024

ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ဈေးဖြင့် မရောင်းချပါက ထိရောက်စွာ အရေးယူခံရမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ထုတ်ပြန်သည်။

ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ပြီး အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆိုင်များကို ဖွင့်လှစ်ရောင်းချရန်လိုအပ်ပြီး သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးကြပါရန် YGEA က ထုတ်ပြန်သည်။

သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

YGEA အနေဖြင့် ရွှေဈေးနှုန်းကို တစ်ရက်လျှင် သုံးကြိမ်ထုတ်ပြန်ပေးလျက်ရှိပြီး ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ဇွန် ၅ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ မီးလင်းရွှေတကျပ်သား သတ်မှတ်ဈေးနှုန်းမှာ ၄၈ သိန်း တစ်သောင်းငါးထောင်ဖြစ်သည်။

ဇွန် ၄ ရက်က ထုတ်ပြန်ခဲ့သည့်ဈေးနှုန်းမှာ ကျပ်လေးဆယ့်ရှစ်သိန်း ခုနစ်သောင်းတစ်ရာအဖြစ် သတ်မှတ်ထားရာ တစ်ကျပ်သားလျှင် ကျပ်ခြောက်သောင်းကျော် ကျဆင်းလာခြင်းဖြစ်သည်။

နေ့စဉ် သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် ရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင်များအားလုံး အ‌ရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းမှာ AD လိုင်စင်ရဘဏ်များအကြား Online Trading ဒေါ်လာလဲလှယ်နှုန်းဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent