ထိုင်းနိုင်ငံရှိကွန်ဒိုုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် အရောင်းပြပွဲပြုလုပ်ရောင်းချခဲ့သူတစ်ဦးနှင့် ဝယ်ယူခဲ့သူသုံးဦးကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတဆင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုများရောင်းချသူနှင့် ဝယ်ယူသူများကို အရေးယူမည်

ထိုင်းနိုင်ငံရှိကွန်ဒိုုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် အရောင်းပြပွဲပြုလုပ်ရောင်းချခဲ့သူတစ်ဦးနှင့် ဝယ်ယူခဲ့သူသုံးဦးကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတဆင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုများရောင်းချသူနှင့် ဝယ်ယူသူများကို အရေးယူမည်
Published 3 June 2024

ထိုင်းနိုင်ငံရှိကွန်ဒိုုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် အရောင်းပြပွဲပြုလုပ်ရောင်းချခဲ့သူတစ်ဦးနှင့် ဝယ်ယူခဲ့သူသုံးဦးကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတဆင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုများရောင်းချသူနှင့် ဝယ်ယူသူများကို အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ် ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် (၅၁)လမ်းအထက်၊ အမှတ်(၁၅၅/၁၅၇)၊ ရှစ်လွှာတွင် ရုံးခန်းဖွင့်လှစ်ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းကျော်သူနှစ်ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းတွင် တရားမဝင်ရောင်းချလျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများက ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်သူများကိုခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်( ထွက်ပြေးတိမ်းရှောင်)တို့သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းတွင် တရားမဝင်ရောင်းချရန် သက်ဆိုင်ရာသို့ သတင်းပေးပို့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကပေးချေသည့် မြန်ကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန် ဒီလုပ်ငန်းများမှ ငွေကြေးများလွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် Minn Thu က ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင်ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့သုံးဦးသည်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များတွင် တရားမဝင် ဖွင့်လှစ်ထားသည့် ၎င်းင်းတို့၏ဘဏ်ငွေစာရင်းများမှ တစ်ဆင့်တိုက်ခန်းဖိုးငွေကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲ ပြောင်းခြင်းများဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့အားလည်းကောင်း၊ ဗဟိုဘဏ်ခွင့်ပြုချက်မရှိဘဲ  ပြည်ပနိုင်ငံများ၌ ဘဏ်စာရင်းဖွင့်လှစ်ပြီး ပြည်ပနိုင်ငံတွင် တရားမဝင်ကွန်ဒိုတိုက်ခန်း ဝယ်ယူထားသူသုံးဦးဖြစ်သည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ကိုလည်းကောင်း ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့အတူ ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား အွန်လိုင်းမှတစ်ဆင့် တရားမဝင်ရောင်းချနေသည့် အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအားဆက်လက်စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထိုကဲ့သို့ တရားမဝင်ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါကသက်ဆိုင်ရာသို့ သတင်းပေးပိုရန် အသိပေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်သည်။