■ မန်ချက်စတာယူနိုက်တက်နှင့် စောစီးစွာလက်တွဲခွင့်ရခြင်းမှာ မိမိအတွက် ဆုလာဘ်ဖြစ်ကြောင်း ယိုဟို ပြောကြား

■ မန်ချက်စတာယူနိုက်တက်နှင့် စောစီးစွာလက်တွဲခွင့်ရခြင်းမှာ မိမိအတွက် ဆုလာဘ်ဖြစ်ကြောင်း ယိုဟို ပြောကြား
Published 19 July 2024

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားသစ် ယိုဟိုက အသင်းနှင့် ကစားသမားဘဝတွင် စောစီးစွာ လက်တွဲခွင့်ရခြင်းမှာ မိမိအတွက် ထူးခြားသည့် ဆုလာဘ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်. 

မန်ယူအသင်းသည် ပြင်သစ်ကလပ် လိုင်လီအသင်းမှ ပြင်သစ်နောက်ခံလူ လင်နီယိုဟိုကို ပေါင် (၅၂) သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

    

အသက် (၁၈) နှစ်သာရှိသေးသည့် ခံစစ်အတွင်းလူ ယိုဟိုအား ရီးယဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားခဲ့ကြပြီး မန်ယူအသင်း၏ ကမ်းလှမ်းမှုကို လိုင်လီအသင်းက လက်ခံခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းအနေဖြင့် ၎င်းင်းအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် (၄၂) သန်းနှင့် Add-ons ကြေး ပေါင် (၁၀) သန်း၊ စုစုပေါင်း ပေါင် (၅၂) သန်း (ယူရို ၆၂ သန်း) ပေးချေရမည်ဖြစ်ပြီး (၅)နှစ်စာချုပ်အပြင် တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်ပါ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ၀ါရင့်နောက်ခံလူ ဗာရန်းနှင့် လမ်းခွဲခဲ့သောကြောင့် ခံစစ်ပိုင်းအားဖြည့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းနောက်ခံလူ ဂျာရတ်ဘရန့်ဝိတ် (၂၂ နှစ်) အတွက် နှစ်ကြိမ်ကမ်းလှမ်းသော်လည်း ပယ်ချခံရသဖြင့် ယိုဟိုကို ပြောင်းလဲကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဘိုလော့ဂ်နာတိုက်စစ်မှူး ဇက်ဇီကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။  

ယိုဟိုသည် မန်ယူအသင်းတွင် ကျောနံပါတ်(၁၅) ဝတ်ဆင်သွားမည်ဖြစ်ပြီး ၎င်းက "မန်ချက်စတာယူနိုက်တက်လို ရည်မှန်းချက်မြင့်မားတဲ့အသင်းနဲ့ ကစားသမားဘဝမှာ စောစောစီးစီးလက်တွဲရတာ ကျွန်တော့်အတွက် ထူးခြားတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒီအသင်းက ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးမယ့်အသင်းပါ"ဟု ပြောကြားခဲ့သည်။

    

ယိုဟို၏ အရည်အသွေးနှင့် ပတ်သက်ပြီး ပြင်သစ်ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ယိုနသန်ဂျွန်ဆင်က "လူငယ်နောက်ခံလူတစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင် လန်နီယိုဟိုက အရမ်းကိုပြည့်စုံတဲ့နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာ အရမ်းဖျတ်လတ်ပြီး အရမ်းလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သူ့ရဲ့ ကာယတည်ဆောက်ပုံကိုလည်း သူ့ရဲ့အားသာချက်အဖြစ် အသုံးချနိုင်ပါတယ်။ ပြီးတော့ ၀ါရင့် နောက်ခံလူတစ်ဦးလို ကစားနိုင်တဲ့ ရင့်ကျက်မှုကလည်း သူ့ကို အကူအညီပေးပါတယ်။ မန်ယူနိုက်တက်အသင်းဟာ သေချာပေါက်ကို အနာဂတ်အတွက် အရေးပါတဲ့ခေါ်ယူမှုကို လုပ်နိုင်ခဲ့တာပါ"ဟု သုံးသပ်ပြောကြားခဲ့သည်။ 

Most Read

Most Recent