ယူရို-၂၀၂၄ တွင် အီတလီလက်ရွေးစင်အသင်းကို နည်းပြစပယ်လက်တီ အကောင်းဆုံးဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း မာဆယ်လိုလစ်ပီဆို

ယူရို-၂၀၂၄ တွင် အီတလီလက်ရွေးစင်အသင်းကို နည်းပြစပယ်လက်တီ အကောင်းဆုံးဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း မာဆယ်လိုလစ်ပီဆို
Photo : Getty Images
Photo : Getty Images
Published 10 June 2024

အီတလီလက်ရွေးစင်အသင်း၏ နည်းပြဟောင်းတစ်ဦးဖြစ်သူ အီတလီ လူမျိုးဝါရင့်နည်းပြကြီး မာဆယ်လို လစ်ပီ (၇၆ နှစ်)က လက်ရှိအီတလီအသင်းနည်း ပြ စပယ်လက်တီအနေဖြင့် လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အီတလီလက်ရွေးစင်အသင်းကို အကောင်းဆုံးဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း TMW နှင့်အင်တာဗျူး တွင်ပြောကြားခဲ့သည်။

ယူရို-၂၀၂၀ ချန်ပီယံအီတလီလက်ရွေးစင်အသင်းသည် လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲကို လက်ရှိချန်ပီယံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ပြိုင်ဘက်လက်ရွေးစင် အသင်းကြီးများနှင့် နှိုင်းယှဉ်ပါက အစ စအရာရာ အင်အားနည်းပါးနေပြီး ခြေစစ်ပွဲအောင်မြင်ရန်ပင် နောက်ဆုံး ပွဲစဉ်အထိ ရုန်းကန်ခဲ့ရသည်။

ထို့ပြင် အီတလီလက်ရွေးစင်အသင်းသည် ယူရို-၂၀၂၀ ချန်ပီယံဆုရယူပေးခဲ့သည့် နည်းပြမန်စီနီနှင့် ၂၀၂၃ သြဂုတ်လအတွင်းက လမ်းခွဲခဲ့ပြီးနောက် ရိုးမား၊ အင်တာမီလန်နှင့် နာပိုလီအသင်း နည်းပြဟောင်း စပယ်လက်တီကို အစားထိုးခန့်အပ်ခဲ့ပြီး အီတလီလက်ရွေးစင်အသင်းမှာလည်း အပြောင်းအလဲများအကြားတွင် ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိနေသည်။

သို့သော် လစ်ပီက လက်ရှိအီတလီလက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီမှာ အရည်အချင်းပြည့်ဝသည့် နည်းပြတစ်ဦးဖြစ်ပြီး လာမည့် ယူရိုပြိုင်ပွဲတွင် အသင်းကိုအကောင်း ဆုံးဦးဆောင်နိုင်မည်ဟုယုံကြည်ကြောင်းပြောကြားခဲ့သည်။

လစ်ပီက "ကျွန်တော်နဲ့ လူစီယာနို (စပယ်လက်တီ)ဟာ အကောင်းဆုံးမိတ်ဆွေတွေ ပါ။ သူဟာ ကျွန်တော့်အပေါ်လည်း လေးစားမှုအပြည့်ရှိပါတယ်။ လက်ရှိ အီတလီလက်ရွေးစင်အသင်းဟာ တိုးတက်နေတဲ့အသင်းဖြစ်ပြီး အနာဂတ်အတွက်အလားအလာကောင်း တွေကိုပိုင်ဆိုင်ထားပါတယ်။ စပယ်လက်တီကလည်း လာမယ့်ယူရိုပြိုင်ပွဲမှာ အုပ်စုကျပ်ထဲက အီတလီအသင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent