တူရကီ (၃-၁) ဂျော်ဂျီယာပွဲမတိုင်မီ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကွင်းအတွင်း နှစ်ဖက်အသင်းပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့

တူရကီ (၃-၁) ဂျော်ဂျီယာပွဲမတိုင်မီ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကွင်းအတွင်း နှစ်ဖက်အသင်းပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့
Photo : Getty Images
Photo : Getty Images
Published 20 June 2024

ယူရို ၂၀၂၄ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့် တူရကီ (၃-၁) ဂျော်ဂျီယာပွဲမတိုင်မီ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ကွင်းအတွင်း နှစ်ဖက်အသင်းပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း သိရှိရသည်။

ယူရို ၂၀၂၄ အုပ်စု (F) အဖွင့်ပွဲစဉ်ဖြစ်သည့် တူရကီ-ဂျော်ဂျီယာပွဲကို ဒေါ့မွန်အသင်း၏အိမ်ကွင်း ဖြစ်သည့် Signal Iduna Park တွင် ကစားခဲ့ပြီး ယင်းပွဲမတိုင်မီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို၊ ကွင်းအတွင်း နှစ်ဖက်အသင်းပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် အဆိုပါပွဲစဉ်ကို ရွှေ့ဆိုင်းရမည့်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း မူလက စီစဉ်ထားသည့်အတိုင်း ကစားနိုင်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Signal Iduna Park ကွင်းတွင် ခေါင်မိုးမှ မိုးရေများကျဆင်းသည့် ဗီဒီယိုများနှင့် ပုံရိပ်များမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ပရိသတ်အချို့သည်ကွင်းအတွင်း မိုးယိုသည့်နေရာများကို ရှောင်ရှားကာ ထိုင်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် တူရကီ-ဂျော်ဂျီယာပွဲ မစတင်မီ နှစ်ဖက်အသင်းပရိသတ်များသည် ကွင်းအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ထိုးကြိတ်မှုများပင် ရှိခဲ့ကြောင်း သိရှိရသည်။ တူရကီနှင့် ဂျော်ဂျီယာပရိသတ်များသည် အုပ်စု (F) အဖွင့်ပွဲစဉ်အတွက် Signal Iduna Park ကွင်းသို့ ၎င်းတို့နိုင်ငံအသင်းများကို အားပေးရန်တက်ကြွစွာလာရောက်ခဲ့ကြပြီး ကွင်းအတွင်းမဝင်ရောက်မိကပင် နှစ်ဖက်အသင်းပရိသတ်များ အကြားအချင်းများမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

လူမှုကွန်ရက်နှင့် မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည့် ဓာတ်ပုံများတွင် တူရကီနှင့် ဂျော်ဂျီယာပရိသတ်များ ပွဲမစတင်မီကွင်းအတွင်း တစ်ဖက်နှင့် တစ်ဖက်အချင်းများကာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားပြီး ထိုးကြိတ်နေကြပုံများကို မြင်တွေ့ရသည်။

တူရကီနှင့် ဂျော်ဂျီယာပရိသတ်များခိုက်ရန် ဖြစ်ပွားနေချိန်တွင် ကာကွယ်ရေးဦးထုပ်ဝတ်ဆင်ထားသည့် ရဲများက ဖျန်ဖြေခဲ့ပြီး ၎င်းတို့၏နေရာများတွင် ပြန်လည်နေရာချထားပေးခဲ့ရကြောင်း သိရှိရသည်။

ယင်းအခြေအနေများကြောင့် အဆိုပါပွဲစဉ်ကို ရွှေ့ဆိုင်းရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပွဲကို စီစဉ်ထားသည့်အတိုင်း အဆင်ပြေချောမွေ့စွာ ကစားနိုင်ခဲ့ပြီး တူရကီအသင်းက ဂျော်ဂျီယာအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

Most Read

Most Recent