ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အတ္တလန္တာ-လေဗာကူဆင်၊ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတွင် အိုလံပီယာကော့စ်-ဖီအိုရင်တီးနား တွေ့ဆုံနေပြီး မေ ၂၂ ရက်နှင့် မေ ၂၉ ရက် ကျင်းပမည်

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အတ္တလန္တာ-လေဗာကူဆင်၊ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတွင် အိုလံပီယာကော့စ်-ဖီအိုရင်တီးနား တွေ့ဆုံနေပြီး မေ ၂၂ ရက်နှင့် မေ ၂၉ ရက် ကျင်းပမည်
Photo: UEFA
Photo: UEFA
Published 11 May 2024

 

၂၀၂၃-၂၀၂၄ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အတ္တလန္တာ-လေဗာကူဆင်၊ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတွင် အိုလံပီယာကော့စ်-ဖီအိုရင်တီးနား တွေ့ဆုံနေပြီး မေ ၂၂ ရက်နှင့် မေ ၂၉ ရက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို မေ ၉ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အတ္တလန္တာအသင်းက မာဆေးလ်အသင်းကို အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် (၄-၁) ဂိုး၊ လေဗာကူဆင် နှင့် ရိုးမားအသင်း ဂျာမနီမြေ၌ (၂-၂) ဂိုးစီ သရေကျကာ လေဗာကူဆင်အသင်းက နှစ်ကျော့ပေါင်းရလဒ် (၄-၂) ဂိုးဖြင့် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲကို မေ ၂၂ ရက်တွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ Aviva Stadium ၌ ကျင်းပမည်ဖြစ်သည်။

ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် အတ္တလန္တာအသင်းမှာ အသင်းသမိုင်းတစ်လျှောက် ဥရောပကလပ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ လေဗာကူဆင်အသင်းမှာမူ ဥရောပကလပ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ တတိယအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၁၉၈၇-၁၉၈၈ ရာသီ UEFA ဖလား (ယခုယူရိုပါလိဂ်) ပြိုင်ပွဲတွင် ချန်ပီယံဆုနှင့် ၂၀၀၁-၂၀၀၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ဖူးသည်။

၎င်းတို့နှစ်သင်းသည် ၂၀၂၁-၂၀၂၂ ရာသီ ယူရိုပါလိဂ် ၁၆ သင်းအဆင့်တွင်တွေ့ဆုံခဲ့ဖူးပြီး အတ္တလန္တာအသင်းက အိမ်ကွင်း၌ (၃-၂) ဂိုး၊ အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် နှစ်ကျော့စလုံး အနိုင်ရခဲ့သည်။ သို့သော် လေဗာကူဆင်အသင်းက အလေးပေးမှု ၂/၅ ဖြင့် ဗိုလ်စွဲရန် ပိုရေပန်းစားနေပြီး အတ္တလန္တာအသင်းက ၇/၄ သတ်မှတ်ခံထားရသည်။

ယူရိုပါကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို မေ ၈၊ ၉ ရက်တွင် ယှဉ် ပြိုင်ကစားခဲ့ပြီး ကလပ်ဘရုဂေးနှင့် ဖီအိုရင် တီးနားအသင်း ဘယ်ဂျီယံမြေ၌ (၁-၁) ဂိုးစီ သရေကျကာ ဖီအိုရင်တီးနားအသင်းက နှစ်ကျော့ပေါင်းရလဒ် (၄-၃) ဂိုး၊ အိုလံပီယာ ကော့စ်အသင်းက ဗီလာအသင်းကို အိမ်ကွင်း ၌ (၂-၀) ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် (၆-၂) ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲကို မေ ၂၉ ရက်တွင် ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Agia Sophia Stadium ၌ ကျင်းပမည်ဖြစ်သည်။

ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် အိုလံပီယာကော့စ်အသင်းမှာ ဥရောပကလပ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ဖီအိုရင်တီးနားအသင်းမှာမူ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ သို့ နှစ်ကြိမ်ဆက်အပါအဝင် ဥရောပကလပ် ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ ခြောက်ကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ဖီအိုရင်တီးနားအသင်းက အလေးပေးမှု ၈/၁၃ ဖြင့် ရေပန်းစားနေပြီး အိုလံပီယာကော့စ်အသင်းက ၆/၅ သတ်မှတ်ခံထားရသည်။

Most Read

Most Recent