အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းမခံရသည့်နာကျင်မှုကို အသုံးချပြီး မန်စီးတီးနှင့်ကစားမည့် FA ဖလားဗိုလ်လုပွဲ၌ ပေါက်ကွဲပြရန် ရပ်ရှ်ဖို့ဒ်အား မန်ယူအသင်းနည်းပြ တန်ဟက်ဂ် တိုက်တွန်း

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းမခံရသည့်နာကျင်မှုကို အသုံးချပြီး မန်စီးတီးနှင့်ကစားမည့် FA ဖလားဗိုလ်လုပွဲ၌ ပေါက်ကွဲပြရန် ရပ်ရှ်ဖို့ဒ်အား မန်ယူအသင်းနည်းပြ တန်ဟက်ဂ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 25 May 2024

 

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ယူရို- ၂၀၂၄ ပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင် အသင်းတွင် ရွေးချယ်မခံရခြင်းကြောင့် ခံစားရသည့် နာကျင်မှုကို အသုံးချပြီး မန်စီးတီး အသင်းနှင့်ကစားရမည့် FA ဖလား ဗိုလ်လုပွဲတွင် ပေါက်ကွဲပြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ၂၀၂၂-၂၃ ရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၅၆ ပွဲတွင် ဂိုး ၃၀ အထိ သွင်းယူပြီး ခြေစွမ်းပြခဲ့သော်လည်း ယခုရာသီ ပြိုင်ပွဲစုံ ၄၂ ပွဲတွင် ရှစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။ ရပ်ရှ် ဖို့ဒ်အနေဖြင့် ယခုရာသီတွင် ခြေစွမ်းကျဆင်းမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယူရို -၂၀၂၄ ပြိုင်ပွဲဝင်မည့် နည်းပြ ဆောက်ဂိတ်၏ အင်္ဂလန်လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင်ပင် ပါဝင်လာခဲ့ခြင်း မရှိပေ။  

ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းမခံရသည့်အတွက် ရပ်ရှ်ဖို့ဒ်မှာ စိတ်ပျက်နေပြီး ပိုမိုကြိုးစားရမည်ဟု ပြောကြားထားသည်။ ယခုအခါ မန်ယူနည်းပြ တန်ဟက်ဂ်က ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ရွေးချယ်မခံရသည့် နာကျင်မှုကို အသုံးချကာ FA ဖလားဗိုလ်လုပွဲတွင် ပေါက်ကွဲပြရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

တန်ဟက်ဂ်က "ရပ်ရှ်ဖို့ဒ်ကို ကြည့်ရတာ အဆင်ပြေပါတယ်။ ဘောလုံးသမားဘဝတွေရဲ့ ဘဝက ဒီလိုပါပဲ။ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိပါတယ်။ ကစားသမားဘဝ နိမ့်ကျနေချိန်မှာ ပိုပြီးကြိုးစားဖို့အတွက် ခွန်အားတွေ၊ တွန်းအားတွေ ပိုရတတ်ပါတယ်။ အင်္ဂလန်အသင်းလူစာရင်းက ချန်လှပ်ခံရပြီးနောက်မှာ ရပ်ရှ်ဖို့ဒ်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ပိုပြီးအားသွန်ခွန်စိုက် ကြိုးစားတာကို မြင်တွေ့ရပါတယ်။ သူဟာ အရင်ကထက် ပိုပြီးစိတ်အားတက်ကြွနေတာကိုလည်း မြင် တွေ့ရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားတာပါ။ သူ့အနေနဲ့ အင်္ဂလန်အသင်းလူစာရင်းက ချန်လှပ်ခံရတာကို တွန်းအားအဖြစ် အသုံးချပြီး ဂိုးတွေပိုသွင်းနိုင်အောင် ကြိုးစားမယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဝင်ဘလေကွင်း၌ ကစားမည့် FA ဖလားဗိုလ်လုပွဲတွင် မန်စီးတီးအသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ၎င်းတို့အနေ ဖြင့် အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း မန်ယူနည်းပြ တန်ဟက်ဂ်က ပြောကြားခဲ့သည်။ တန်ဟက်ဂ်က "FA ဖလား ဗိုလ်လုပွဲက ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်ရှိနေပါတယ်။ ဒီရာသီက ကျွန်တော်တို့အတွက် ထင်မှတ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ FA ဖလားကို ရယူနိုင်မယ့်အခွင့်အရေး ရှိနေပါတယ်။ ဒါက လွယ်ကူတဲ့ အခွင့်အရေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပြီး အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ အသင်း အကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။