လက်ရှိဘရာဇီးလ်အသင်းလောက် အရာရာချိုတဲ့နေသည့်အသင်း မမြင်တွေ့ဖူး၍ လာမည့် ကိုပါအမေရိကပြိုင်ပွဲကို ကြည့်ရှုမည်မဟုတ်ဟု ရော်နယ်လ်ဒင်ဟို ဆို

လက်ရှိဘရာဇီးလ်အသင်းလောက် အရာရာချိုတဲ့နေသည့်အသင်း မမြင်တွေ့ဖူး၍ လာမည့် ကိုပါအမေရိကပြိုင်ပွဲကို ကြည့်ရှုမည်မဟုတ်ဟု ရော်နယ်လ်ဒင်ဟို ဆို
Photo: X
Photo: X
Published 17 June 2024

ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နာမည်ကျော်ကစားသမားဟောင်း ရော်နယ်လ်ဒင်ဟိုက လက်ရှိဘရာဇီးလ်အသင်းလောက် အရာရာချို့တဲ့နေသည့်အသင်း မမြင်တွေ့ ဖူးသောကြောင့် လာမည့် ကိုပါအမေရိကပြိုင်ပွဲကို ကြည့်ရှုမည်မဟုတ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဇွန်လ(၂၀)ရက်နေ့ တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဘရာဇီးလ်အသင်းသည် ဗိုလ်စွဲရန် ရေပန်းစားမှု၌ လက်ရှိချန်ပီယံ အာဂျင်တီးနား၏နောက် ဒုတိယနေရာတွင် ရှိနေသည်။

သို့သော် ဘရာဇီးလ်အသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲ(၅)ကြိမ်၌ ချန်ပီယံဆု(၁)ကြိမ်သာ ရရှိခဲ့သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၂၀၀၂ နောက်ပိုင်း ချန်ပီယံဆု ရယူနိုင်ခြင်းမရှိတော့ပေ။

ယင်းသို့ အောင်မြင်မှုများနှင့် ဝေးကွာလာခြင်းမှာ လက်ရှိကစားသမားများ၏ စိတ်ဓာတ်ပိုင်းနှင့် ခြေစွမ်းခြေစတို့ကြောင့်ဖြစ်ပြီး ယခုလောက် အရာရာချို့တဲ့နေသည့် ဘရာဇီးလ်အသင်းကို မမြင်တွေ့ခဲ့ဖူးကြောင်း ရော်နယ်လ်ဒင်ဟိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဘရာဇီးလ်ဘောလုံးကို ချစ်တဲ့သူတိုင်းအတွက် ဝမ်းနည်းစရာအခိုက်အတန့်ပါပဲ။ ဘရာဇီးလ်အသင်း ယှဉ်ပြိုင်မယ့် ပွဲတွေကြည့်ဖို့ အင်အားကို ရှာရခက်ပါတယ်။ ဒီအသင်းက ဒီဘက်နှစ်တွေအတွင်း အညံ့ဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်နိုင်ပါတယ်။ သူတို့မှာ လေးစားလောက်တဲ့ ဦးဆောင်ကစားသမားတွေ မရှိပါဘူး။ ကစားသမားအများစုက သာမန်အဆင့်မှာပဲ ရှိပါတယ်။ ကျွန်တော် ဘောလုံးသမားဖြစ်လာဖို့အကြောင်း မတွေးခင် ကလေးဘဝကတည်းက ဘရာဇီးလ်အသင်းကို အားပေးလာတာပါ။ ဒီလောက် အခြေအနေဆိုးရွားနေတဲ့အသင်းကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ အသင်းရဲ့ ဝတ်စုံကို ချစ်မြတ်နိုးစိိတ် ချို့တဲ့နေပါတယ်။ စိတ်ဓာတ်ပိုင်းလည်း ချို့တဲ့နေပါတယ်။ ပြီးတော့ အရေးအကြီးဆုံးအရာဖြစ်တဲ့ ဘောလုံးကို ချစ်တဲ့စိတ်လည်း ချို့တဲ့နေပါတယ်။ ဒါကြောင့် ထပ်ပြောရရင် ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်က ကျွန်တော် မြင်ဖူးသမျှ အည့ံဆုံးဖြစ်နေပါတယ်။ ဒါကြောင့် ကိုပါအမေရိကပြိုင်ပွဲမှာ တစ်ပွဲမှ ကျွန်တော် ကြည့်မှာမဟုတ်သလို၊ အောင်မြင်မှုရရင်လည်း အောင်ပွဲခံမှာမဟုတ်ပါဘူး''ဟု ရော်နယ်လ်ဒင်ဟိုက ပြောကြားခဲ့သည်။

ရော်နယ်လ်ဒင်ဟို(၄၄ နှစ်)သည် ကမ္ဘာ့ဖလား၊ ကိုပါအမေရိကနှင့် ကွန်ဖက်ဒရေးရှင်းဖလား ချန်ပီယံဆုများ ရရှိခဲ့သူဖြစ်ပြီး Ballon d'Or ဆုလည်း ရရှိခဲ့သည်။

၎င်းသည် ဘရာဇီးလ်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားစာရင်း၌ အဆင့်(၈)နေရာ ရပ်တည်နေသလို၊ အကျော်ကြားဆုံး ဘရာဇီးလ်ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ ရသည်။

ထို့ကြောင့် ရော်နယ်လ်ဒင်ဟို၏ ဝေဖန်ပြစ်တင်မှုမှာ ဘရာဇီးလ်အသင်းအပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဘရာဇီးလ်အသင်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အုပ်စု(D)၌ ကိုလံဘီယာ၊ ပါရာဂွေး၊ ကော်စတာရီကာတို့နှင့်အတူ ကျရောက်နေကြောင်း သိရသည်။

 

Most Read

Most Recent