■ အသင်းသစ်ကို မကြာမီကြေညာမည်ဖြစ်ကြောင်းနှင့် ရက်ပိုင်းသာလိုတော့ကြောင်း ဘာပေ ဖွင့်ဟခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူ မက်ဒရစ်တွင် ရောက်ရှိနေ

■ အသင်းသစ်ကို မကြာမီကြေညာမည်ဖြစ်ကြောင်းနှင့် ရက်ပိုင်းသာလိုတော့ကြောင်း ဘာပေ ဖွင့်ဟခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူ မက်ဒရစ်တွင် ရောက်ရှိနေ
Photo: PSG Talk
Photo: PSG Talk
Published 28 May 2024

PSG အသင်းနှင့် လမ်းခွဲတော့မည့် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက အသင်းသစ်ကို မကြာမီကြေညာမည်ဖြစ်ပြီး ရက်ပိုင်းသာလိုတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ ဘာပေက (၇)ရာသီကြာကစားလာသည့် PSG အသင်းနှင့် ယခုရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း မေလဒုတိယပတ်အတွင်း အတည် ပြုကြေညာခဲ့သည်။

'' အသင်းသစ်ကို ဘာလို့ မကြေညာသေးတာလဲဆိုတော့ နှုတ်ဆက်တာကို ပြီးအောင်လုပ်ဖို့က အကောင်းဆုံးပဲလို့ ကျွန်တော် ထင်လို့ပါ။ ကျွန်တော်ဖြစ်ချင်တာက အားလုံးကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်နိုင်ဖို့ပါ။ အရာအားလုံးအတွက် အချိန်တစ်ခု ရှိပါတယ်။ ကျွန်တော့်ရဲ့အသင်းသစ်ကို ကြေညာတော့မှာပါ။ အဲဒါက ရက်နည်းနည်းပဲလိုတော့တာဖြစ်လို့ ပြဿနာမရှိပါဘူး။ ယူရိုပြိုင်ပွဲမတိုင်ခင် တရားဝင်မိတ်ဆက်ဖြစ်မလားဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ အသေးစိတ်အချက်တွေ အများ ကြီးရှိပါသေးတယ်''ဟု ၎င်းက ဆိုခဲ့သည်။

ထို့ပြင် PSG အသင်းအတွက် နောက်ဆုံးပွဲကစားရသည့် ခံစားချက်နှင့်ပတ်သက်၍လည်း ဘာပေက ''လွမ်းဆွတ်တာတွေ၊ ခံစားမှုတွေ ရှိနေပါတယ်။ ဒါက အဆင်ပြေပါတယ်။ ကျွန်တော်က ကိုယ်ဘယ်နေရာမှာရှိလဲဆိုတာ အမြဲနားလည်ပါတယ်။ PSG အတွက် ကစားရတာက ထူးခြားတဲ့ အတွေ့အကြုံပါ။ အခြားထိပ်တန်းကစားသမားတွေကိုလည်း PSG မှာကစားဖို့ ကျွန်တော် အကြံပြုပါတယ်။ အဲဒီအတွေ့အကြုံကို ခံစားခွင့်ရတာ ကျွန်တော် ကံကောင်းပါတယ်။ ကျွန်တော့်မှာရှိတာတွေကို ဘယ်နေရာကမှ မရနိုင်ပါဘူး။ အခုအချိန်မှာတော့ အရမ်းထူးခြားတဲ့ အခြေအနေတစ်ခုခုကို တွေ့ကြုံရတော့မှာဖြစ်ပြီး အဲဒါက မှော်ဆန်လိမ့်မယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်''ဟု ဆက်လက်ပြောကြားသွားခဲ့သည်။

ဘာပေက လာမည့်ရက်ပိုင်းအတွင်း ပြောင်းရွှေ့ကစားမည့်အသင်းကို ကြေညာတော့မည်ဟုဆိုနေချိန်တွင် ဘာပေ၏ အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေသည့် မိခင်ဖြစ်သူသည် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဘာပေ၏ အပြောင်းအရွှေ့အတွက် အရေးတကြီး ညှိနှိုင်းရမည့် အခြေအနေအားလုံးမှာ ပြီးပြတ်သလောက်ရှိနေပြီ ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာပေဘက်က ကြေညာနိုင်ရန် နီးစပ်နေပြီဖြစ်၍ စာချုပ်ချုပ်ဆိုမှုကိုမူ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent