■ ပရိသတ်တွေချစ်တဲ့ ဆောက်သမ်တန်ခေတ်ဆီ ပြန်ရောက်နိုင်မလား

■ ပရိသတ်တွေချစ်တဲ့ ဆောက်သမ်တန်ခေတ်ဆီ ပြန်ရောက်နိုင်မလား
Photo: Getty Images
Photo: Getty Images
Published 16 August 2024
Chan Myae

လိဂ်ချန်ပီယံရှစ်ရဲ့ Play-offs ဗိုလ်လုပွဲဟာ ပုံမှန်ထက် အဆပေါင်းများစွာ စိတ်ဝင်စားဖို့ ကောင်းခဲ့ပြီး လိဒ်စ်-ဆောက်သမ်တန် ထိပ်တိုက်တွေ့ဆုံမှုမှာ သူတော်စင်တွေက အနိုင်ယူကာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တယ်။ ဒီနှစ် လိဂ်ချန်ပီယံရှစ်ဟာ မော်ဒန်ခေတ်မှာ အကြိတ်အနယ်အဖြစ်ဆုံး တန်းတက်တိုက်ပွဲအဖြစ် မြင်ခဲ့ရတာပါ။ လက်စတာ၊ လိဒ်စ်၊ ဆောက်သမ်တန်ဆိုတဲ့ အသင်းကြီး (၃) သင်းဟာ ရာသီတစ်လျှောက်လုံး တိုက်ရိုက်တန်းတက်ခွင့်အတွက် မီးပွင့်မတတ် ပြိုင်ဆိုင်ခဲ့ကြပြီး နောက်ပိုင်းမှာ မက်ကန်နာရဲ့ အစ်ဝစ်ချ်ကလည်း အားကောင်းလာခဲ့တယ်။ လိဒ်စ်နဲ့ ဆောက်သမ်တန်တို့ရဲ့ ခြေချော်မှုတွေက အစ်ဝစ်ချ်ကို အခွင့်အရေးပေးခဲ့ပြီး လိဒ်စ်ဟာ ရာသီ နောက်ဆုံး (၆) ပွဲမှာ (၁) ပွဲသာ အနိုင်ရတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဒီဒဏ်တွေကြောင့်ပဲ ရာသီတစ်လျှောက်မှာ အဆင့် (၂)အဖြစ် ရပ်တည်ခဲ့တာများတဲ့ လိဒ်စ်အဆင့် (၃)ဖြစ်ပြီး Play-offs ကို ဆင်နွှဲခဲ့ရတယ်။ ဒီနေရာမှာတော့ ဆောက်သမ်တန်က အသာစီးယူပြီး ပရီးမီးယားလိဂ်တန်းတက်ခွင့် လက်မှတ်ကို ဖြတ်သွားခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိတာထက်တောင် အကျိုးအမြတ်ကြီးတဲ့ လက်မှတ်ပါ။ ပေါင်သန်း ရာနဲ့ချီ တန်ကြေးရှိပြီး ဆောက်သမ်တန်ရဲ့ ပြန်လည်တည်ဆောက်နေတဲ့ အရှိန်အဟုန်ကို တိုးတက်စေမှာဖြစ်ပါတယ်။