ရန်ကုန်ရှိ ထိုင်းသံရုံးတွင် တစ်ရက်လျှင် လူ ၄၀၀ နှုန်းဖြင့် ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်

ရန်ကုန်ရှိ ထိုင်းသံရုံးတွင် တစ်ရက်လျှင် လူ ၄၀၀ နှုန်းဖြင့် ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်
Published 6 June 2024

ရန်ကုန်ရှိ ထိုင်းသံရုံးတွင် တစ်ရက်လျှင် လူ ၄၀၀ နှုန်းဖြင့် ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။

ရွှေ့ပြောင်းလုပ်သားများကို တစ်ရက်လျှင် လူ ၄၀၀ နှုန်း လျှောက်ထားနိုင်ပြီး MoU ကုမ္ပဏီများအနေဖြင့် သံရုံး၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဘွတ်ကင်ယူပြီးမှသာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ဗီဇာလျှောက်ထားရာတွင် သုံးရက်ခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် တနင်္လာနေ့တွင် ဗီဇာလျှောက်ထားပါက ဗုဒ္ဓဟူးနေ့တွင် ဗီဇာရရှိမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

သံရုံးမှတဆင့် ရွှေ့ပြောင်းလုပ်သားဗီဇာလျှောက်ထားရာတွင် သတိထားရမည့်အချက်များမှာ သံရုးဝက်ဘ်ဆိုက်မှတစ်ဆင့် ဘွတ်ကင်တင်ရန်လိုအပ်ခြင်း၊ ရရှိသည့်ရက်ချိန်းအတိုင်း ဗီဇာလျှောက်ထားရန်လိုအပ်ခြင်း၊ ဗီဇာရရှိပါက ကိုယ်ရေးအချက်အလက်များမှန်မမှန် စစ်ဆေးရန်နှင့် စစ်ဆေးပြီးမှသာ လေယာဉ်လက်မှတ်ဝယ်ယူခြင်းများ ပြုလုပ်ရန်တို့ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားဗီဇာမှာ ဗီဇာရရှိချိန်မှ ရက်ပေါင်း ၉၀ အတွင်းအကျုံးဝင်သောကြောင့် ကုမ္ပဏီများအနေဖြင့် ယင်းကာလအတွင်း ထွက်ခွာရန်လိုအပ်သော အခြားပြင်ဆင်မှုများကို ပြုလုပ်နိုင်ကြောင်း၊ ယင်းဗီဇာမှာ နေထိုင်ခွင့်နှစ်နှစ်အထိ ခွင့်ပြုထားသဖြင့် အခကြေးငွေထပ်မံကောက်ခံခြင်းမရှိဘဲ စတင်ဝင်ရောက်သည့် နေ့မှစပြီး ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ လျှောက်ထားရာတွင် ကာယကံရှင်၏ လိုအပ်ချက်နှင့်ပေါ့ဆမှုများအတွက် နောက်ဆက်တွဲပြသာနာများကို သံရုံးက ဖြေရှင်းပေးမည်မဟုတ်ကြောင်း၊ ထို့ပြင် သုံးရက်မတိုင်မီ ဗီဇာရရှိရန် ဖိအားပေးလုပ်ဆောင်ခြင်းများကို လက်ခံမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

Most Read

Most Recent