အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ပထမဆုံးရာသီဖြစ်သည့် ၂၀၂၂-၂၀၂၃ ရာသီတွင် ချယ်လ်ဆီးအသင်း ပေါင် ၉၀ ဒသမ ၁ သန်း အရှုံးပေါ်

အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ပထမဆုံးရာသီဖြစ်သည့် ၂၀၂၂-၂၀၂၃ ရာသီတွင် ချယ်လ်ဆီးအသင်း ပေါင် ၉၀ ဒသမ ၁ သန်း အရှုံးပေါ်
Photo: Goal.com
Photo: Goal.com
Published 10 March 2024

 

ချယ်လ်ဆီးအသင်းအနေဖြင့် အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ပထမဆုံးရာသီဖြစ်သည့် ၂၀၂၂-၂၀၂၃ ရာသီတွင် ပေါင် ၉၀ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီဦးဆောင်သည့် BlueCo လုပ်ငန်းစုသည် ၂၀၂၂ ခုနှစ် မေလတွင် ချယ်လ်ဆီးအသင်းအား ပေါင် ၄ ဒသမ ၂၅ ဘီလျံဖြင့် ဝယ်ယူခဲ့သလို အပြောင်းအရွှေ့ကာလလေးခု (၂၀၂၂ နွေ ရာသီ၊ ၂၀၂၃ ဇန်နဝါရီ၊ ၂၀၂၃ နွေရာသီ၊ ၂၀၂၄ ဇန်နဝါရီ) အတွင်း ပေါင်တစ်ဘီလျံ ကျော်အထိ အသုံးပြု၍ ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သည်။ 

၂၀၂၂- ၂၀၂၃ ရာသီအတွက် ဘဏ္ဍာရေးစာရင်းကို မတ် ၇ ရက်တွင်ထုတ်ပြန်ရာ ချယ်လ်ဆီး အသင်းအနေဖြင့် ပေါင် ၉၀ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက် နောက်ဆုံးရာသီတွင် ပေါင် ၁၂၁ ဒသမ ၄ သန်း အရှုံးပေါ်ထားကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဘဏ္ဍာရေးစည်းမျဉ်းအရ ကလပ်အသင်းများအား နောက်ဆုံးသုံးရာသီအတွင်း ပေါင် ၁၀၅ သန်း အရှုံးမပေါ်စေရန် သတ်မှတ်ထားသည်။  လက်ရှိအခြေအနေအရ အဆိုပါစည်းမျဉ်းနှင့် ငြိစွန်းနိုင်ဖွယ်ရှိနေသော်လည်း ချယ်လ်ဆီး အသင်းကမူ ဘဏ္ဍာရေးစည်းမျဉ်းလိုက်နာရန် နှင့် ကွင်းတွင်းအောင်မြင်မှု ဟန်ချက်ညီစေရန် ကြိုးပမ်းလျက်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

"အသင်းအနေနဲ့ UEFA (ဥရောပဘောလုံးအဖွဲ့ချုပ်) နဲ့ ပရီးမီးယားလိဂ်တို့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့အတူ ကွင်းတွင်းအောင်မြင်မှုကို အတူတကွဟန်ချက်ညီအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။ အသင်းအနေနဲ့ ၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ အဲဒီဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာခဲ့ပြီး အနာဂတ်ကာလမှာလည်း အဲဒီလိုလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို ကမူ ဘဏ္ဍာရေးအရှုံးပေါ်မှုကြောင့် လာမည့်နွေရာသီတွင် ငွေကြေးသုံးစွဲခွင့်ရှိ၊မရှိ မေးမြန်း မှုနှင့်ပတ်သက်၍ "ကျွန်တော် မသိပါဘူး။ ကျွန်တော်လည်း အဲဒီသတင်းရဖို့ လိုပါတယ်။ ဒီနေ့တော့ အဲဒီအကြောင်း ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးပြီးတဲ့အခါ သတင်းအချက်အလက်ရရှိမှာ သေချာပါတယ်။ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ မနက်ဖြန်ကျရင် ပိုကောင်းတဲ့ သတင်းအချက်အလက်တွေရရှိရင်တော့ နောက်တစ်ကြိမ်ကျရင် ကျွန်တော့်ထင်မြင်ချက်ကို  ရှင်းပြနိုင်ပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်နွေရာသီတွင် ကစားသမားအချို့ရောင်းချရဖွယ်ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent