၂၀၂၄ Laureus World Sports Award ဆန်ခါတင်စာရင်းများတွင် ဘောလုံးလောကမှ အများအပြား ပါဝင်နေပြီး ဧပြီလ ၂၂ ရက်တွင် ဆုချီးမြှင့်ပွဲ ပြုလုပ်မည်

၂၀၂၄ Laureus World Sports Award ဆန်ခါတင်စာရင်းများတွင် ဘောလုံးလောကမှ အများအပြား ပါဝင်နေပြီး ဧပြီလ ၂၂ ရက်တွင် ဆုချီးမြှင့်ပွဲ ပြုလုပ်မည်
Photos: Getty Images
Photos: Getty Images
Published 28 February 2024

 

၂၀၂၄ Laureus World Sports Award ဆန်ခါတင်စာရင်းများတွင် ဘောလုံးလောကမှ အများအပြား ပါဝင်နေပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Laureus  Award သည် အားကစားလောကတွင် ထင်ရှားသည့် ထူးချွန်ဆုပေးပွဲတစ်ခုဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ သည့် အားကစားသမားများနှင့် အားကစားအသင်းများကို ဂုဏ်ပြုချီးမြှင့်သည့်ဆုလည်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် ဆုပေးပွဲ အ ခမ်းအနားကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းအတွက် ဆန်ခါတင်စာရင်းများကို ခေါင်းစဉ်ရှစ်ခုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အဓိကအကျဆုံး နှင့် ပရိသတ်စိတ်အဝင်စားဆုံးဆုမှာ အကောင်းဆုံးအမျိုးသားအားကစားသမား ဆု (Sportsman of the Year) ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် ဆန်ခါတင်စာရင်းတွင် နာမည်ကျော်ဘောလုံးသမားများဖြစ်သည့် မက်ဆီ (အာဂျင်တီးနား)၊ ဟာလန်း(နော်ဝေ)တို့နှင့် အတူ တင်းနစ်ကစားသမား ဂျိုကိုဗစ်(ဆားဘီးယား)၊ တုတ်ထောက်ခုန်ကစားသမား ဒူပလန်တစ်(ဆွီဒင်)၊ တာတိုအပြေးသမား နိုအာလက်ဇ်(အမေရိကန်)နှင့် ပြိုင်ကားမောင်းသမား ဗာစတက်ပန်(နယ်သာလန်)တို့ ပါဝင်ခဲ့သည်။ 

အကောင်းဆုံးအမျိုးသမားအားကစားသမားဆု (Sportsman of the Year) အတွက် ဆန်ခါတင်စာရင်းတွင် စပိန် ဘောလုံးသမား ဘွန်မာတီ၊ ဂျမေကာအပြေးမယ် ရှရစ်ကာဂျက်ဆင်၊ ကင်ညာအပြေးမယ် ကစ်ဂွန်၊ အမေရိကန်အပြေးမယ် ရှာကာရီရစ် ချတ်ဆင်၊ အမေရိကန်နှင်းလျှောစီးမယ် ရှစ်ဖရင်နှင့် ပိုလန်တင်းနစ်မယ် ရှီယွန်တက်ခ်တို့ ဆန်ခါတင်စာရင်းဝင်ခဲ့ကြသည်။

 

တစ်နှစ်တာအကောင်းဆုံးအားကစားအသင်းဆုအတွက် ဆန်ခါတင်စာရင်းတွင် ဘောလုံးလောကမှ ဖလားသုံးလုံး ချန်ပီယံ မန်စီးတီးအသင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းတို့အပြင် Ryder Cup ချန်ပီယံ ဥရောပဂေါ့ဖ်အသင်း၊ ဂျာမနီအမျိုးသားဘက်စကတ်ဘောအသင်း၊ ရက်ဘူးလ်ဖော်မြူလာဝမ်းအသင်း၊ တောင်အာဖရိကရပ်ဘီအသင်းတို့ ပါဝင်လာခဲ့ကြသည်။ 

အတိုးတက်ဆုံးအားကစားသမားဆုအတွက် ဆန်ခါတင် ခြောက်ဦးစာရင်း၌  ရီးယဲလ်အသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၊ ရီးယဲလ်အသင်းမှ ကိုလံဘီယာအမျိုးသမီးတိုက်စစ်မှူး လင်ဒါကိုင်စီဒိုတို့ ရွေးချယ်ခံခဲ့ရသည်။ တစ်ကျော့ပြန်အားကစားသမားဆုအတွက် ကင်ဆာရောဂါမှ ပြန်လာသည့် ဒေါ့မွန်နှင့် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဟယ်လာ၊ အမေရိကန်ကျွမ်းဘားမယ် ဆီမွန်ဘိုင်းစ်တို့ ဆန်ခါတင်စာရင်းဝင်ခဲ့ကြသည်။ 

ဆန်ခါတင်စာရင်းကို ဂျာနယ်လစ်များ နှင့် ရုပ်သံကုမ္ပဏီများက ရွေးချယ်ခဲ့ပြီး ဆုရရှိသူကို အားကစားဂန္ထဝင်များ ပါဝင်သည့် Laureus အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့က မဲပေးဆုံးဖြတ်မည်ဖြစ်သည်။

Most Read

Most Recent