■ အမေရိကန်၌ ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲ (၂)ပွဲကို တိုက်စစ်မှူး မက်ဆီ ကြွက်သားဒဏ်ရာကြောင့် လွဲချော်

■ အမေရိကန်၌ ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲ (၂)ပွဲကို တိုက်စစ်မှူး မက်ဆီ ကြွက်သားဒဏ်ရာကြောင့် လွဲချော်
Published 19 March 2024

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ကြွက်သားဒဏ်ရာကြောင့် အမေရိကန်တွင် ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲ(၂)ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် ယင်းဒဏ်ရာကြောင့် မတ် (၁၆)ရက်ညပိုင်းက ဒီစီယူနိုက်တက်အသင်းအား အဝေးကွင်း၌ (၁-၃) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိဘဲ လွဲချော်ခဲ့သည်။

မက်ဆီအနေဖြင့် မေဂျာလိဂ်ပွဲစဉ်နှစ်ပွဲဆက်တိုက် လွဲချော်ခြင်းဖြစ်ပြီး ကြားရက်တွင် နက်ရှ်ဗယ်အသင်းအား အနိုင်ရသည့် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ဖလားပွဲစဉ်တွင်မူ ပွဲထွက်အဖြစ် ပါဝင်ကစားကာ မိနစ် (၅၀)တွင် လူစားလဲခဲ့ရသည်။

မက်ဆီ၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက ''မက်ဆီရဲ့ဒဏ်ရာကို တစ်ပတ်ချင်းပဲ ကုသရမှာဖြစ်ပြီး အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ သူက ကြွက်သားဒဏ်ရာရထားတာပါ။ လက်ရွေးစင်အသင်းက လူတွေနဲ့တော့ ရွေးချယ်တဲ့ကိစ္စကို ဆွေးနွေးရမှာပါ''ဟု ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် မတ်လ နိုင်ငံတကာရက်သတ္တပတ်တွင် အမေရိကန်နိုင်ငံ၌ ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မတ် (၂၂) ရက်တွင် အယ်လ်ဆာဗေးဒိုးအသင်း၊ မတ်(၂၆)ရက်တွင် ကော်စတာရီကာအသင်းနှင့် ကစားမည်ဖြစ်သည်။

အာဂျင်တီးနားအ သင်းအနေဖြင့် မူလက တရုတ်နိုင်ငံ၌ နိုင်ဂျီးရီးယားအသင်း၊ အိုင်ဗရီကို့စ်အသင်းတို့နှင့် ခြေစမ်းကစားရန် စီစဉ်ထားသော်လည်း တရုတ်အာဏာပိုင်များက ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ကိုပါအမေရိကပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများကို အမေရိကန်တွင်သာ ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်။

Most Read

Most Recent