နည်းပြသစ်အမည်ကို ဧပြီလကုန်တွင် ဘိုင်ယန်မြူးနစ်အသင်း ကြေညာဖွယ်ရှိပြီး အူနိုင်းအမ်မရီနှင့် ဒီဇယ်ဘီတို့ ရေပန်းစားနေဟု Bild ဖော်ပြ

နည်းပြသစ်အမည်ကို ဧပြီလကုန်တွင် ဘိုင်ယန်မြူးနစ်အသင်း ကြေညာဖွယ်ရှိပြီး အူနိုင်းအမ်မရီနှင့် ဒီဇယ်ဘီတို့ ရေပန်းစားနေဟု Bild ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 22 April 2024

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြသစ်အမည်ကို ဧပြီလကုန်တွင် ကြေညာဖွယ်ရှိပြီး အူနိုင်းအမ်မရီနှင့် ဒီဇယ်ဘီတို့ ရေပန်းစားနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်နှင့် ရာသီကုန်တွင် လမ်းခွဲရန် သဘောတူညီမှုရရှိထားသည့်အတွက် အစားထိုးခန့်အပ်ရန် နည်းပြသစ်ကို ရှာဖွေနေခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြသစ်ခန့်အပ်ရန်အတွက် နည်းပြဟောင်းများအပါအဝင် ထိပ်တန်းနည်းပြများစွာကို လျာထားစာရင်းထဲ ထည့်သွင်းခဲ့ပြီးနောက် လက်ရှိအချိန်၌ နောက်ဆုံး(၃)ဦး စာရင်းအဖြစ် လျှော့ချလိုက်ပြီဖြစ်ကြောင်းလည်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြဟောင်း နာဂယ်စ်မန်းကို ပြန်လည်ခန့်အပ်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သော်လည်း နာဂယ်စ်မန်းက ဂျာမနီလက်ရွေးစင်အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးသည်အထိ စာချုပ်သက်တမ်းတိုးခဲ့သည့်အတွက် ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။

ရီးယဲလ်အသင်း၏နည်းပြဟောင်း ဇီဒန်းသည် လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေပြီး နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်နေပြီဖြစ်သည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းနှင့် သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ဇီဒန်းက ဘိုင်ယန်မြူးနစ်အသင်းထက် မန်ယူအသင်းကို ကိုင်တွယ်ရန် ပိုမိုလိုလားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြန်သည်။

သို့ရာတွင် ဘိုင်ယန်မြူးနစ်အသင်း၏ လျာထားစာရင်းထဲ၌ နောက်ဆုံးကျန်ရှိနေသည့် နည်းပြ(၃)ဦးမှာ ဇီဒန်း၊ အူနိုင်းအမ်မရီနှင့် ဒီဇယ်ဘီတို့ဖြစ်ဖွယ်ရှိကြောင်းလည်း မီဒီယာအချို့က ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ ပရိသတ်များက ရီးယဲလ်အသင်းအား အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သည့် ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လိုလားနေကြသော်လည်း ဘိုင်ယန်မြူးနစ်အသင်း၏ ကစားသမားဟောင်းများနှင့် ဒါရိုက်တာအဖွဲ့ဝင်များကမူ လက်ရှိ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီနှင့် ဘရိုက်တန်နည်းပြ ဒီဇယ်ဘီတို့ကို ပိုမိုသဘောကျနေကြကြောင်း သိရသည်။

လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်ကို ရာသီမကုန်မီ ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့ဖူးသည့် ကစားသမားဟောင်း လိုသာမားသီးယပ်စ်က အူနိုင်းအမ်မရီသည် သောမတ်စ်တူဟယ်လ်နေရာ အစားထိုးရန် အသင့်တော်ဆုံးနည်းပြဖြစ်သည်ဟု ထောက်ခံပြောကြားခဲ့သည်။

''ကျွန်တော် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကို သဘောကျပါတယ်။ သူ အဲဒီမှာ ကောင်းကောင်းလုပ်ဆောင်ပြထားပါတယ်။ သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိသလို၊ ဆီဗီလာအသင်းနဲ့လည်း ဆုဖလားတွေ ရရှိထားပါတယ်။ သူက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး ဂျာမန်စကားကိုလည်း သင်ယူနိုင်မှာပါ။ ဒါပေမဲ့ ကစားသမားတွေအားလုံးက အင်္ဂလိပ်လို ပြောနိုင်ကြတာကြောင့် ဘာသာစကားက အဟန့်အတားမဖြစ်နိုင်ပါဘူး။ သူက ဘွန်ဒစ်လီဂါနဲ့ရော ဘိုင်ယန်မြူးနစ်အသင်းနဲ့ပါ အဆင်ပြေနိုင်ပါတယ်''ဟု မားသီးယပ်စ်က ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ ဒါရိုက်တာဖြစ်သူ အီဘာလ်က နည်းပြသစ်ခန့်အပ်ရန် မည်သည့်နည်းပြများနှင့် ဆွေးနွေးနေသည်ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့သော်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဧပြီလကုန်တွင် ကြေညာနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent