ပြစ်ဒဏ်မှလွတ်လာပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အများပြည်သူရှေ့သို့ ပထမဆုံးအကြိမ်ထွက်ပေါ်လာ

ပြစ်ဒဏ်မှလွတ်လာပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အများပြည်သူရှေ့သို့ ပထမဆုံးအကြိမ်ထွက်ပေါ်လာ
မတ်လ ၁၄ ရက်က ချင်းမိုင်မြို့သို့ သွားရောက်စဉ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်(အလယ်)နှင့် ၎င်း၏သမီးဖြစ်သူ ပယ်ထုံတန်ရှင်နာဝပ် (ယာ-အလယ်)တို့ကို တွေ့ရစဉ်(Photo-AFP)
မတ်လ ၁၄ ရက်က ချင်းမိုင်မြို့သို့ သွားရောက်စဉ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်(အလယ်)နှင့် ၎င်း၏သမီးဖြစ်သူ ပယ်ထုံတန်ရှင်နာဝပ် (ယာ-အလယ်)တို့ကို တွေ့ရစဉ်(Photo-AFP)
Published 14 March 2024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်သည် ထောင်ဒဏ်ပြစ်ဒဏ်မှ စောစီးစွာ လွတ်မြောက်လာပြီးနောက် အများပြည်သူ ရှေ့မှောက်သို့ ပထမဆုံးအကြိမ် ထွက်ပေါ် လာသည့်အနေဖြင့် မတ်လ ၁၄ ရက်က နိုင်ငံမြောက်ပိုင်းရှိ ၎င်း၏မွေးရပ်မြေသို့ အလည်အပတ် သွားရောက်ခဲ့သည်။

ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်သည် သုံးရက်ကြာခရီးစဉ်အဖြစ် ချင်းမိုင်သို့သီးသန့် ဂျက်လေယာဉ်ဖြင့် မသွားရောက်မီ Bangkok City Pillar နတ်ကွန်းသို့ သွားရောက်ခဲ့သည်။

သက်ဆင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ၎င်း၏မွေးရပ် မြေဖြစ်သကဲ့သို့ အစဉ်အလာအားဖြင့် ၎င်း၏နိုင်ငံရေး အာဏာအခြေတည်ရာ အရပ်လည်းဖြစ်သည့် ချင်းမိုင်မြို့သို့ ရောက်ရှိလာခဲ့ပြီး ညီမဖြစ်သူနှင့် သူ၏ခင်ပွန်းသည်တို့့က လာရောက်ခရီးဦးကြိုခဲ့ကာ ထို့နောက်တွင် ပန်းခြံ တစ်ခုသို့ သွားရောက်ပြီး ၎င်းအားထောက်ခံ ကြိုဆိုသူများကို နှုတ်ခွန်းဆက်ခဲ့သည်။

“ကျွန်တော် သူ့ကိုစောင့်မျှော်နေတာ ၁၇ နှစ်ရှိပါပြီ” ဟု နိုင်ငံအရှေ့မြောက်ပိုင်း ဆူရင်ခရိုင်မှ လာရောက်သည့် ဆမ်နီအန် ကောင်ပိုလ်ပန်က AFP သတင်းဌာနသို့ ပြောကြားသည်။

သက်ဆင်နှင့်တွေ့ဆုံခွင့်ရရန် ဘန်ကောက်မှ အတူလိုက်ပါလာသည့် တက္ကစီယာဉ်မောင်းဖြစ်သူ ဖိုင်ဆာလ်က သက်ဆင်သည် ၎င်း၏နှလုံးသားထဲမှ ဝန်ကြီးချုပ်ဖြစ်သည်ဟု ဆိုသည်။

သက်ဆင်သည် ထိုင်းမြောက်ပိုင်းတွင်ရှိနေစဉ်အတွင်း ၎င်း၏မိသားစုနှင့်သာမက ထောက်ခံသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ ဆွေမျိုးသားချင်းများ၏ အုတ်ဂူများကိုလည်း သွားရောက်ကန်တော့မည်ဖြစ်သည်။

 မတ်လ ၁၄ ရက်အစောပိုင်းက သက်ဆင်လာရောက်ခဲ့သည့် ဘန်ကောက်မြို့ နတ်ကွန်းရှေ့တွင် သတင်းသမားများ စုဝေးရောက်ရှိနေခဲ့ပြီး သက်ဆင်သည် နံနက် ၅ နာရီဝန်းကျင်က အဆိုပါနတ်ကွန်း၌ ဆုတောင်းကန်တော့ခဲ့သည်။

 ဖြူထိုင်းပါတီ၏ လက်ရှိခေါင်းဆောင်ဖြစ်သည့် သက်ဆင်၏သမီးဖြစ်သူ ပယ်ထုံတန်နှင့် ၎င်း၏ခင်ပွန်းသည်တို့လည်း သက်ဆင်နှင့်အတူ လိုက်ပါလာခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီး၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံရသည့် ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လတွင် ထိုင်းသို့ပြန်လည် ရောက်ရှိလာခဲ့သည်။

၇၅ နှစ်အရွယ် ဘီလျံနာသက်ဆင်သည် ထိုင်းသို့ပြန်ရောက်ရောက်ချင်းမှာပင်  အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် ထိုင်းတရားရုံးချုပ်က အမိန့်ချခဲ့သည်။

ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ၎င်း၏ပြစ်ဒဏ်ကာလကို တစ်နှစ်သာကျခံရန် လျှော့ပေါ့ပေးခဲ့သည်။  သို့သော် အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေတို့ကြောင့် သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြစ်ဒဏ်မှ စောစီးစွာပြန်လွတ်လာခဲ့သည်။ သက်ဆင်သည် ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများက လူထုကြိုက် မူဝါဒများကြောင့် သန်းနှင့်ချီသည့် ကျေးလက်နေ ပြည်သူများ၏ ချစ်ခင်မှုကို ရရှိခဲ့သော်လည်း ဘုရင်စနစ်ထောက်ခံသူများနှင့် စစ်တပ်လိုလားသော ရှေးရိုးစွဲဝါ ဒီများ၏ အမျက်ရှခြင်းခံခဲ့ရသည်။ Ref:AFP

 

 

         

Most Read

Most Recent