ငြိမ်းချမ်းရေးခရီးစဉ်ဟုဆိုသည့် ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျိုး၏ တရုတ်ခရီးစဉ် စတင်

ငြိမ်းချမ်းရေးခရီးစဉ်ဟုဆိုသည့် ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျိုး၏ တရုတ်ခရီးစဉ် စတင်
ဧပြီ ၁ ရက်က တရုတ်သို့မထွက်ခွာမီ ထောင်ယွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျိုး သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေစဉ်(Photo: AFP)
ဧပြီ ၁ ရက်က တရုတ်သို့မထွက်ခွာမီ ထောင်ယွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျိုး သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေစဉ်(Photo: AFP)
Published 1 April 2024

ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျိုးသည် ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးတင်းမာနေမှုကို လျှော့ချရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးခရီးစဉ်ဟုဆိုသောခရီးစဉ်အဖြစ် ဧပြီ ၁ ရက်က တရုတ်သို့ ထွက်ခွာသွားခဲ့သည်။

တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်းမရှိပေ။ ပြီးခဲ့သည့် ထိုင်ဝမ်ရွေး ကောက်ပွဲရလဒ်က ထိုင်ဝမ်သည် တရုတ်၏ပိုင်နက်ဖြစ်သည်ဟူသော အချက်ကိုပြောင်းလဲစေခြင်း မရှိကြောင်းလည်း တရုတ်က ပြော ကြားထားသည်။

၂၀၀၈ မှ ၂၀၁၆ ခုနှစ်အထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်သော ကူမင်တန်ပါတီ၏ သမ္မတဟောင်းဖြစ်သည့် မာရင်ကျိုးသည် ၎င်းတာဝန်ထမ်းဆောင်စဉ်က ရေလက်ကြားဖြတ် ကျော်ဆက်ဆံရေးတိုးတက်မှုရှိစေရန် ဦးဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် စင်ကာပူတွင် ထိပ်သီးဆွေး နွေးပွဲပြုလုပ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဆိုင်အင်းဝမ် ထိုင်ဝမ်သမ္မတဖြစ်လာပြီးနောက် တရုတ်က ထိုင်ဝမ်အပေါ်စစ်ရေးအရ တိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါး စေ လွှတ်လျက်ရှိသည်။

တရုတ်သည် ထိုင်ဝမ်အပေါ် စစ်အင်အားပြ ခြိမ်းခြောက်နှောင့်ယှက်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့ကာ မကြာသေးမီလများအတွင်း မိုးပျံပူဖောင်းများ၊ ဒရုန်းများနှင့် အရပ်ဘက်သုံးသင်္ဘောများကို ထိုင်ဝမ်အနီးတစ်ဝိုက်သို့ အဆက်မပြတ်စေလွှတ်လျက်ရှိကြောင်း မတ် လ ၇ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိဒုသမ္မတ လိုင်ချင်းတယ် အနိုင်ရပြီးနောက်ပိုင်းတင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ပြောင်းလဲရေးပါတီ(DPP) သမ္မတလောင်းနှင့် လက်ရှိဒုသမ္မတဖြစ်သူ လိုင်ချင်းတယ်သည် ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးအတွက်တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။

ဧပြီ ၁ ရက်က တရုတ်သို့မထွက်ခွာမီ လေဆိပ်၌ သတင်းထောက်များကို ပြောကြားရာတွင် မာက ၎င်း၏တရုတ်ခရီးစဉ်သည် ချစ်ကြည်ရင်းနှီးရေးနှင့် ငြိမ်းချမ်းရေးခရီးစဉ်ဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး တင်းမာနေချိန်မှာ ထိုင်ဝမ်လူထုဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပြီး ရေလက်ကြားဖြတ်ကျော် အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေကို မျှော်လင့်ကာ စစ်ပွဲကိုရှောင်ရှားချင်တယ်ဆိုတဲ့ သဘောထားတွေကို အသိပေးနိုင်မယ်လို့ မိမိမျှော်လင့်ပါတယ်”ဟု မာက ပြောကြားသည်။

လူငယ်များ၏ အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ကာရန်လိုမှုများကို လျှော့ချပြီးချစ်ကြည်ရေးကို တိုးမြှင့်ဖော်ဆောင်ရန် ရည်ရွယ်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

လေဆိပ်အပြင်ဘက်တွင် ဆန္ဒပြသူအချို့က ၎င်း၏ခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး ထိုင်ဝမ်ကိုရောင်းမစားရန် တိုက်တွန်းပြောဆိုခဲ့သည်။

ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးတိုးတက်စေရန် ကြိုးပမ်းမှုအဖြစ် ဆယ်စုနှစ်ခုနစ်ခုကျော်အတွင်း ထိုင်ဝမ်၏လက်ရှိခေါင်းဆောင် သို့မဟုတ် ခေါင်းဆောင်ဟောင်းတစ်ဦး၏ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် သမ္မတဟောင်း မာရင်ကျိုးသည် ယမန်နှစ်က တရုတ်သို့ သွားရောက်ခဲ့သည်။

Ref: AFP

Most Read

Most Recent