ဝန်ကြီးချုပ်သစ် ရှာဘတ်ရှရစ်ဖ်၏ အဖွဲ့ဝင် ၁၉ ဦးပါဝင်သော ပါကစ္စတန်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

ဝန်ကြီးချုပ်သစ် ရှာဘတ်ရှရစ်ဖ်၏ အဖွဲ့ဝင် ၁၉ ဦးပါဝင်သော ပါကစ္စတန်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို
မတ်လ ၁၁ ရက်က မြို့တော်အစ္စလမ္မာဘတ်ရှိ  သမ္မတအိမ်တော်၌ ပါကစ္စတန် ဖက်ဒရယ်အစိုးရဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုစဉ်(Photo: AP)
မတ်လ ၁၁ ရက်က မြို့တော်အစ္စလမ္မာဘတ်ရှိ  သမ္မတအိမ်တော်၌ ပါကစ္စတန် ဖက်ဒရယ်အစိုးရဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုစဉ်(Photo: AP)
Published 12 March 2024

ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် လတ်တလော ရွေးကောက်တင်မြှောက်ခံရသည့် ရှာဘတ်ရှရစ်ဖ်၏ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၁၉ ဦးသည် မတ်လ ၁၁ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဝန်ကြီးချုပ်သစ် ရှာဘတ်ရှရစ်ဖ်သည် ထိပ်ပိုင်းအစိုးရရာထူးများကို ခန့်အပ်ခဲ့ပြီး တိုင်းပြည်၏ အတောမသတ်နိုင်သည့် စီးပွား ရးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပြုထားသည်။

မြို့တော် အစ္စလမ္မာဘတ်ရှိ သမ္မတရုံးတွင်ပြုလုပ်သည့် အစိုးရအဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတ အဆစ်ဖ်အလီဇာဒါရီက ကြီးကြပ်ခဲ့ပြီး ထိုအခမ်းအနားသို့ ဝန်ကြီးချုပ်ရှရစ်ဖ်လည်း တက်ရောက်ခဲ့သည်။

ပါကစ္စတန်တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပပြီးတစ်လအကြာနှင့် ၎င်း၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ (PML-N)က ပါတီအချို့နှင့် ညွန့်ပေါင်းဖွဲ့နိုင်ပြီးနောက် မတ်လ ၃ ရက်တွင် ပါလီမန်က ရှရစ်ဖ်ကို ဝန် ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။

ရှရစ်ဖ်မိသားစု၏(PML-N)ပါတီသည် အတိတ်က ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သည့် ပါကစ္စတန် ပြည်သူ့ပါတီ(PPP) နှင့် အခြားပါတီငယ်များနှင့် မဟာမိတ်ဖွဲ့ကာ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသည့်ကိုယ် စားလှယ်လောင်းများကို ချန်လှပ်ခဲ့သည်။

(PML-N)ပါတီသည် ခန်းကိုထောက်ခံသည့် ကိုယ်စားလှယ်လောင်းများထက်နောက် ကောက်ကျနေခဲ့သော်လည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် အမျိုးသမီးများအတွက် သီးသန်ဖယ်ထားသည့် အမတ်နေရာ ၆၀ အနက် နေရာ ၂၀၊ လူနည်းစုများအတွက် သီးသန့်ဖယ်ထားသည့် အမတ်နေရာ ၁၀ နေရာအနက် ၄ နေရာ၊ စုစုပေါင်း ၂၄ နေရာ ထပ်မံရရှိပြီးနောက် ရွေးကောက်ပွဲတွင် တစ်ပါတီတည်းမှ အမတ်နေရာအများဆုံးရရှိသည့် ပါတီဖြစ်လာခဲ့သည်။

အထွေထွေရွေးကောက်ပွဲကျင်းပပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမတ်ဦးရေ ၃၃၆ ဦးရှိ ပါကစ္စတန် အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပခဲ့သည်။ ညွန့်ပေါင်းပါတီများသည်(PML-N)ပါတီမှ ရှာဘတ်ရှရစ်ဖ်ကို မတ်လ ၃ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲ ၂၀၁ မဲဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည်။

နာမည်ကြီး ခရစ်ကတ်ကစားသမားအဖြစ်မှ လူကြိုက်များသော နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည့် ၎င်း၏အဓိကပြိုင်ဘက် အီမရန်ခန်းကို ပါကစ္စတန်အမျိုးသားလွှတ်တော်က အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချပြီးနောက် ရှရစ်ဖ်သည် ၂၀၂၂ ဧပြီမှ ၂၀၂၃ ခု နှစ် သြဂုတ်လအထိ ဝန်ကြီးချုပ်ရာထူးကို တာဝန်ယူခဲ့ဖူးသည်။

ရှရစ်ဖ်၏ အစိုးရသစ်သည် မကြုံဖူးလောက်သည့် စီးပွားရေးအကျပ်အတည်း၊ လျှပ်စစ်ဓာတ်အား ပုံမှန်ပြတ်တောက်ခြင်း၊ နေ့စဉ်နီးပါးတိုက်ခိုက်မှုလုပ်ဆောင်နေသည့် စစ်သွေးကြွများ၏ အန္တရာယ်နှင့် တာလီဘန်တို့ အုပ်ချုပ်နေသည့် အိမ်နီးချင်း အာဖဂန်နစ္စတန်နှင့် ဆက်ဆံရေးကဲ့သို့ကြီးမားသော စိန် ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။              

ရှရစ်ဖ်က တိုင်းပြည်စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ပြီး ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းကို ထိန်းချုပ်ကာ အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးအထွတ်အမြတ်လဖြစ်သော ရာမာဒန်ဥပုသ်လအတွင်း ကုန်းစျေးနှုန်း ထိုးတက်ခြင်းကို ဟန့်တားမည်ဟု ရုပ်သံမိန့်ခွန်းတွင် ကတိပြုခဲ့သည်။        

ရှရစ်ဖ်သည် လွှတ်တော်အမတ် အီရှက်ဒါကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ခါ၀ါဂျာ မိုဟာမက်အဆစ်ဖ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ပြန်လည်တာဝန်ပေးခဲ့သည်။ ပန်ဂျပ်ပြည်နယ်၏ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် မိုဆင်းနက်ဗီကို ပြည်ထဲရေးဝန်ကြီး ခန့်အပ်ခဲ့ပြီး အက်တာအူလာ တာရာကို ပြန်ကြားရေးဝန်ကြီး ခန့်အပ်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးအဖြစ် မိုဟာမက်အော်ရန်ဇက်ဘ်ကို တာဝန်ပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးရာထူးအတွက်မူ ခန့်အပ်ရခြင်းမရှိသေးပေ။        

Ref: AP

Most Read

Most Recent