မြောက်ကိုရီးယား၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ အီရန်သို့ သွားရောက်

မြောက်ကိုရီးယား၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ အီရန်သို့ သွားရောက်
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံနေသည့်  မြောက်ကိုရီးယား ပြည်ပစီးပွားရေးဆက်ဆံရေးဝန်ကြီး ယွန်ဂျွန်ဟို (ယာ) ကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံနေသည့်  မြောက်ကိုရီးယား ပြည်ပစီးပွားရေးဆက်ဆံရေးဝန်ကြီး ယွန်ဂျွန်ဟို (ယာ) ကို တွေ့ရစဉ်(Photo:AFP)
Published 24 April 2024

မြောက်ကိုရီးယား၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်  KCNA သတင်းအေဂျင်စီက ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ရှားပါးခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ပြည်ပစီးပွားရေး ဆက်ဆံရေးဝန်ကြီး ယွန်ဂျွန်ဟိုဦးဆောင်သည့် ထိုကိုယ်စားလှယ်အဖွဲ့သည် အီရန်သို့ ဧပြီ ၂၂ ရက်က သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မကြာသေးမီ လများအတွင်း မြောက်ကိုရီးယားသည် ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို မြှင့်တင်ခဲ့ပြီးနောက် အဆိုပါ အီရန်ခရီးစဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်သေတ္တာပေါင်း ၇၀၀၀ ခန့် ပေးပို့ခဲ့ပြီး အပြန်အလှန်အားဖြင့် ၎င်း၏ ကင်းထောက်ဂြိုဟ်တု စီမံကိန်းအတွက် ရုရှား၏ နည်းပညာအကူအညီများကို လက်ခံရရှိခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် လက်နက်စီမံကိန်းနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အစိုးရအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းရှိမရှိ ကုလသမဂ္ဂ၏ လေ့ လာစောင့်ကြည့်မှုကို အဆုံးသတ်စေရန် မတ်လအတွင်း ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာအသုံးပြုခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရအဖွဲ့က ရုရှား၏ ဗီတိုအာဏာ အသုံးပြုပေးခဲ့မှု အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အီရန် လုပ်ဒရုန်းများကို အသုံးပြုနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုနှင့်အတူ အီရန် နှင့် ရုရှားသည်လည်း နီးစပ်သည့် စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေးမဟာမိတ်များဖြစ်သည်။

အီရန်သည် အစ္စရေး၏ နယ်နိမိတ်ကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ အီရန်ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အီရန်၏ တိုက်ခိုက်မှုများသည် ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်တွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့သည့် အီရန်ကောင်စစ်ဝန် ရုံးတိုက်ခိုက်ခံရမှုတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခံခဲ့ရသည့် အစ္စရေးကို တုံ့ပြန် ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့၏ အီရန်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို မြှင့်တင်ရန်ရည်ရွယ်ထားပြီး အစ္စရေးနှင့် အီရန်အကြား ထိပ်တိုက်တွေ့လာမည်ဆိုပါက အီရန်ကို မြောက်ကိုရီးယားက လက်နက်များထောက်ပံ့ပေးဖွယ်ရှိကြောင်း တောင်ကိုရီးယားရှိ ကိုရီးယား အမျိုးသားပြန် လည်ပေါင်းစည်းရေးဌာနမှ ကျွမ်းကျင်သူ ဟောင်မင်က ပြောကြားခဲ့သည်။

“အီရန်နဲ့ အစ္စရေးတို့ ပါဝင်ပတ်သက်နေတဲ့ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရ ဒီခရီးစဉ်ကို အာရုံစိုက်စောင့်ကြည့်ရမှာပါ”ဟု ၎င်းက ဆိုသည်။ ထို့ပြင် အီရန်နှင့် မြောက်ကိုရီးယားသည် ၁၉၈၀ ပြည့်နှစ်များကတည်းက လက်နက်စီမံကိန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကာ လကြာရှည် မဟာမိတ်များ ဖြစ်သည်ဟုလည်း ဟောင်က ပြောကြားခဲ့သည်။                              Ref:AFP

Most Read

Most Recent